ဓမ္မရာဇဝင်ဒုတိယစောင် 1
1
ရှောလုမင်းကြီးသေဆုံးခြင်းအတွက် တုံ့ပြန်ခြင်း
1ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး 2သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။ 3ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
4ဒါဝိဒ်ကလည်း သူ့အား “မည်သို့ဖြစ်ပျက်ခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆိုလျှင် သူက “စစ်သည်တို့သည် စစ်ပွဲမှ ထွက်ပြေးကြရပါ၏။ စစ်သည်အများအပြား လဲကျသေဆုံးကြရပါ၏။ ရှောလုမင်းကြီးနှင့်သူ့သားယောနသန်လည်း သေသွားပါပြီ”ဟု ပြောပြ၏။
5ဒါဝိဒ်က သတင်းကြားပြောသောလူငယ်အား “ရှောလုမင်းကြီးနှင့် သူ့သားယောနသန် သေဆုံးသည်ကို သင်မည်သို့သိသနည်း”ဟု မေးလျှင်
6သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။ 7ရှောလုမင်းကြီးသည် အနောက်ကိုလှည့်ကြည့်၍ အကျွန်ုပ်ကို မြင်လျှင် လှမ်းခေါ်ပါ၏။ အကျွန်ုပ်ကလည်း ‘အကျွန်ုပ်ရှိပါ၏’ဟု ထူးပါ၏။ 8သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။ 9သူကလည်း ‘ငါ့နားသို့လာပြီး ငါ့ကို သတ်လိုက်ပါ။ ငါသည် ဝေဒနာ မချိမဆံ့ခံနေရပါ၏။ အသက်လည်း မထွက်နိုင်သေးပါ’ဟု ဆို၏။ 10အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
11ထိုအခါ ဒါဝိဒ်သည် မိမိဝတ်ထားသောအဝတ်ကို ဆွဲဆုတ်ပစ်၏။ သူ့နောက်လိုက်အပေါင်းတို့သည်လည်း ထိုနည်းတူ ပြုကြပြီးလျှင် 12ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
13ထို့နောက် ဒါဝိဒ်က မိမိကိုသတင်းကြားပြောသောလူငယ်အား “သင် အဘယ်ကနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် တိုင်းတစ်ပါးသားအာမလက်လူမျိုး ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
14ဒါဝိဒ်ကလည်း “ထာဝရဘုရား ဘိသိက်ပေးထားသောသူအား သင် ကိုယ်ထိလက်ရောက်သတ်ပစ်သည်ကို သင်မကြောက်သလော”ဟု သူ့အား ဆိုပြီး 15ဒါဝိဒ်သည် ငယ်သားတစ်ဦးကို ခေါ်၍ “သူ့ကို သွားသတ်ပစ်လိုက်”ဟု ဆို၏။ ငယ်သားကလည်း ထိုသူကို သတ်သဖြင့် ထိုသူသေလေ၏။ 16ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
17ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။ 18ဤ “လေးတော်” ငိုချင်းကို ယုဒအမျိုးသားတို့ကိုပါ သင်ကြားစေ၏။ ယာရှာ#1:18 “ဖြောင့်မှန်သော”ဟူသောအဓိပ္ပာယ်ရှိ၏။ကျမ်းတွင်လည်း ရေးမှတ်ထားစေ၏။ 19“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။ 20ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။ 21ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။ 22ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။ 23လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။ 24အို အစ္စရေးသမီးပျိုတို့၊ သင်တို့ကို ကတ္တီပါနီနှင့် ဝတ်ကောင်းစားလှများဖြင့် ဆင်ယင်ပေးခဲ့သော၊ သင်တို့၏အဝတ်များတွင် ရွှေထည်များကို တန်ဆာဆင်ပေးခဲ့သော ရှောလုမင်းကြီးအဖို့ ငိုကြွေးကြလော့။ 25စစ်သူရဲတို့သည် စစ်ပွဲအလယ်တွင် ကျရှုံးရပါပြီတကား။ ယောနသန်သည် ကုန်းမြင့်ပေါ်တွင် အသတ်ခံရပါပြီတကား။ 26ငါ့အစ်ကိုယောနသန်၊ သင့်အဖို့ ငါကြေကွဲရပါပြီတကား။ သင်သည် ငါ့အဖို့ အလွန်နှစ်သက်ဖွယ်ကောင်းသောသူ ဖြစ်ခဲ့ပါ၏။ သင် ငါ့ကိုချစ်သောအချစ်မှာလည်း အံ့ဖွယ်ဖြစ်ပါ၏။ မိန်းမတို့ ချစ်သောအချစ်ထက် သာလွန်ပါ၏။ 27သူရဲကောင်းတို့ ကျရှုံးလေပြီတကား။ စစ်လက်နက်တို့ ပျက်စီးလေပြီတကား”ဟူ၍ ဖြစ်သတည်း။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ဒုတိယစောင် 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative