YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 10

10
အမ္မုန်အမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း
1ထို့နောက်တွင် အမ္မုန်​အမျိုးသား​တို့​၏​ဘုရင် အနိစ္စရောက်​၍ သား​တော်​ဟာနုန်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။ 2ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာ​ပြ​ခဲ့​ဖူး​သည့်​နည်းတူ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု မိန့်ဆို​လျက် ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ရန် မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ 3အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က မိမိ​တို့​၏​အရှင်​ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို​ရိုသေလေးစား​သဖြင့် အရှင့်​ထံ​နှစ်သိမ့်​သူ​များ​ကို စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ မိမိ​၏​မင်းမှုထမ်း​တို့​ကို ဒါဝိဒ်​မင်းကြီး​စေလွှတ်​လိုက်​ခြင်း​မှာ မြို့​ကို​စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။ 4ထို့ကြောင့် ဟာနုန်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ကို​ဖမ်း​ပြီး သူ​တို့​၏​မုတ်ဆိတ်​ကို တစ်ခြမ်း​ရိတ်​ပြီးလျှင် သူ​တို့​ဝတ်ရုံ​ကို​လည်း တင်ပါး​အထိ အလယ်​တည့်တည့်​မှ ညှပ်ပစ်​ကာ ပြန်လွှတ်​လိုက်​၏​။
5ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ လာ​ပြောပြ​ကြ​သောအခါ လူ​လွှတ်​၍ ကြိုဆို​စေ​၏​။ သူ​တို့​သည် အကြီးအကျယ်​အရှက်ခွဲ​ခံ​လိုက်​ရ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့​မုတ်ဆိတ်​ပြန်ရှည်​လာ​သည်​အထိ ဂျေရိခေါ​မြို့​တွင်​နေ​ကြ​လော့​။ နောက်မှ ပြန်လာ​ကြ​လော့​”​ဟု မှာကြား​လိုက်​၏​။
6သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။
7ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြား​လျှင် ယွာဘ​နှင့် စစ်သူရဲ​တပ်​တစ်တပ်လုံး​ကို စစ်ချီ​စေ​၏​။ 8အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ ဇောဘ​မြို့​နှင့် ရဟောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး​၊ တောဘ​နှင့် မာခါ​အမျိုးသား​တို့​မူကား မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။ 9ယွာဘ​သည် အရှေ့​ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။ 10ကျန်​လူ​တို့​ကို ညီ​အဘိရှဲ​လက်​သို့​အပ်​ပြီး အမ္မုန်​အမျိုးသား​တို့​နှင့် တိုက်ခိုက်​ရန် စစ်ခင်းကျင်း​စေ​၏​။
11ထို့ပြင် ယွာဘ​က “​ဆီးရီးယား​လူမျိုး​တို့​ဘက်က အရေးသာ​နေ​လျှင် ငါ့​ကို​လာကူ​ပါ​။ အမ္မုန်​အမျိုးသား​တို့​ဘက်က အရေးသာ​နေ​လျှင် သင့်​ကို ငါ​လာကူ​မည်​။ 12အားယူ​ကြ​လော့​။ ငါ​တို့​လူမျိုး​အတွက်​၊ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​အတွက် ငါ​တို့​ရဲရင့်​စွာ​တိုက်​ကြ​စို့​။ ထာဝရဘုရား​သည် အလို​တော်​ရှိ​သည့်​အတိုင်း လုပ်ဆောင်​ပေး​တော်မူ​လိမ့်မည်​”​ဟု အားပေးစကား​ဆို​၏​။
13ထို့နောက် ယွာဘ​နှင့် သူ့​တပ်သား​တို့​သည် စစ်တိုက်​ရန် ရှေ့​တိုးလာ​ကြ​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​ကြ​၏​။ 14ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေး​ဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ရာ​မှ တပ်ခေါက်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။
15အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တစ်ဖန်​စုရုံး​ပြန်​၏​။ 16ဟာဒဒေဇာ​မင်းကြီး​သည် လူ​လွှတ်​၍​ယူဖရေးတီး#10:16 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​မြစ်​တစ်ဖက်ကမ်း​ရှိ ဆီးရီးယား​လူမျိုး​တို့​ကို​လည်း ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို​ဦးဆောင်​၍ ဟေလံ​မြို့​သို့​ရောက်လာ​ကြ​၏​။
17ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဟေလံ​မြို့​သို့ ချီလာ​၏​။ ဆီးရီးယား​လူမျိုး​တို့​လည်း စစ်ခင်းကျင်း​ပြီး ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်​တိုက်ခိုက်​လေ​၏​။ 18ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး အယောက်​ခုနစ်​ရာ​၊ မြင်းစီးသူရဲ အယောက်​လေးသောင်း​တို့​ကို ကွပ်မျက်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း ထို​နေရာ​တွင်ပင် အသေသတ်​လိုက်​လေ​၏​။ 19ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​ဘုရင်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် အစ္စရေး​လူမျိုး​တို့​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​တို့​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ