ဓမ္မရာဇဝင်ဒုတိယစောင် 8
8
ဒါဝိဒ်မင်းကြီး၏အောင်မြင်မှုများ
1ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။ 2ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
3ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်#8:3 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး 4ထိုဘုရင်ထံမှ မြင်းစီးသူရဲအယောက်တစ်ထောင့်ခုနစ်ရာနှင့် ခြေလျင်တပ်သား အယောက်နှစ်သောင်းကိုသိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
5ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး 6ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
7ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကိုသိမ်းပြီး ဂျေရုဆလင်မြို့သို့ယူဆောင်လာ၏။ 8ဒါဝိဒ်မင်းကြီးသည် ဘေတမြို့၊ ဗေရောသဲမြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။
9ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင် 10သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ယောရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။ 11ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။ 12ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
13ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး ပြန်လာသောအခါ ဂုဏ်သတင်းကြီးလာလေ၏။ 14ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
15ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။ 16ဇေရုယာ၏သားယွာဘကား ဗိုလ်ချုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊ 17အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊ 18ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ဒုတိယစောင် 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative