တရားဟောရာကျမ်း 11
11
ဘုရားသခင်ကိုအောက်မေ့ရန်၊ နာခံရန်
1သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။ 2သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်း၊ ကြီးမြတ်တော်မူခြင်း၊ အားကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်တို့ကို သင်တို့၏သားမြေးတို့ မသိမမြင်ခဲ့ကြ။ 3အီဂျစ်ပြည်၌ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့်တကွ သူ၏ပြည်သူပြည်သားတစ်ရပ်လုံးကို နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများပြတော်မူခဲ့ပုံနှင့် 4အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊ 5ဤအရပ်သို့သင်တို့ရောက်သည့်တိုင်အောင် တောကန္တာရ၌ သင်တို့အတွက် မည်သို့ပြုတော်မူခဲ့ပုံ၊ 6မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။ 7အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။
8ယနေ့ သင်တို့အား ငါဆင့်ဆိုသောပညတ်တော်ကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ သင်တို့ကူးသွား၍သိမ်းပိုက်ရမည့်ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မည်။ 9ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ နို့နှင့်ပျားရည်စီးသောထိုပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ကြရမည်။ 10သင်တို့ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သည် အီဂျစ်ပြည်နှင့်မတူ။ သင်တို့ထွက်ခဲ့သောအီဂျစ်ပြည်၌ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ခြေဖြင့်ရေသွင်းရသကဲ့သို့ မျိုးစေ့ကြဲရာတွင် ရေသွင်း၍မျိုးကြဲရ၏။ 11သို့သော် သင်တို့ကူးသွား၍ သိမ်းပိုက်ရမည့်ပြည်သည် တောင်များ၊ ချိုင့်ဝှမ်းများနှင့်ပြည့်စုံ၍ ကောင်းကင်မှမိုးရေကို သောက်ရသောပြည်ဖြစ်၏။ 12သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို စောင့်ရှောက်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို နှစ်အစမှ နှစ်အဆုံးတိုင်အောင် အစဉ်မပြတ်ကြည့်ရှုတော်မူ၏။
13သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။ 14သို့ပြုလျှင် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့် ဆီတို့ကို သင်တို့စုသိမ်းနိုင်မည့်အကြောင်း ကိုယ်တော်#11:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ”။သည် သင်တို့ပြည်အတွက် မိုးဦး၊ မိုးနှောင်းကို သူ့အချိန်နှင့်သူရွာစေတော်မူမည်။ 15သင်တို့၏တိရစ္ဆာန်များအတွက် လယ်ယာ၌ မြက်ပင်ကို ပေါက်စေတော်မူမည်။ သင်တို့သည်လည်း ဝလင်စွာစားရကြမည်။ 16သင်တို့သည် သွေးဆောင်ခြင်းခံရသဖြင့် လမ်းလွဲ၍ အခြားဘုရားများကို မပျပ်ဝပ်မကိုးကွယ်မိစေရန် သတိပြုလော့။ 17သို့မဟုတ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်၍ မိုးကောင်းကင်ကိုပိတ်တော်မူသဖြင့် မိုးမရွာ၊ မြေသည် အသီးအနှံကိုမပေးသောကြောင့် သင်တို့သည် ထာဝရဘုရားပေးတော်မူသည့် သာယာဝပြောသောပြည်၌ အလျင်အမြန် ပျက်စီးကြလိမ့်မည်။
18သို့ဖြစ်၍ ငါဆင့်ဆိုသော ဤနှုတ်ကပတ်တော်တို့ကို သင်တို့၏စိတ်နှလုံးထဲ၌လည်းကောင်း၊ သင်တို့၏စိတ်ဝိညာဉ်ထဲ၌လည်းကောင်း သွင်းထားရမည်။ သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌#11:18 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။ 19သင်တို့၏သားသမီးတို့အား သင်ကြားပေးရမည်။ သင်သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။ 20သင်၏အိမ်တံခါးတိုင်များ၊ သင်၏မြို့တံခါးများ၌ ရေးသားထားရမည်။ 21သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်တို့၏နေ့ရက်၊ သင်တို့သားမြေးတို့၏နေ့ရက်သည် မြေကြီးအထက် ကောင်းကင်နေ့ရက်ကဲ့သို့ များပြားလိမ့်မည်။ 22သင်တို့အားငါဆင့်ဆိုသော ဤပညတ်တော်ရှိသမျှတို့ကို ကြိုးစား၍လိုက်နာစောင့်ထိန်းရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ လမ်းတော်ရှိသမျှတို့ကို လိုက်လျှောက်ရမည်။ ကိုယ်တော်ကို ဆည်းကပ်ရမည်။ 23သို့ပြုလျှင် ထာဝရဘုရားသည် ဤလူမျိုးရှိသမျှတို့ကို သင်တို့၏ရှေ့မှ နှင်ထုတ်တော်မူလိမ့်မည်။ သင်တို့သည် သင်တို့ထက် များပြား၍ အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ကြလိမ့်မည်။ 24သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်#11:24 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။ 25သင်တို့ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သင်တို့အား ထိတ်လန့်ကြောက်ရွံ့သောသဘောကို သင်တို့နင်းသမျှသောမြေ၌ ကျရောက်စေတော်မူမည်။
ကောင်းချီးမင်္ဂလာ၊ ကျိန်ခြင်းအမင်္ဂလာ
26ယနေ့ သင်တို့ရှေ့၌ ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းကို ငါချထား၏။ 27ယနေ့ ငါဆင့်ဆိုသောသင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင် ကောင်းချီးမင်္ဂလာဖြစ်မည်။ 28သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ သင်တို့အား ငါဆင့်ဆိုသော လမ်းမှလွှဲ၍ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်သွားလျှင် ကျိန်ခြင်းဖြစ်မည်။ 29သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သို့ သင့်ကို ပို့ဆောင်သောအခါ သင်သည် ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း ထားရမည်။ 30ထိုတောင်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေဝင်ရာအနောက်လမ်း၊ အရာဗလွင်ပြင်၌နေထိုင်သော ခါနာန်လူမျိုးတို့၏နယ်မြေ၊ ဂိလဂါလပြည်နှင့်မျက်နှာချင်းဆိုင်၊ မောရေတောင်ကုန်းရှိဝက်သစ်ချပင်များအနီး၌ ရှိသည်မဟုတ်လော။ 31သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်ရောက်သိမ်းပိုက်တော့မည်။ ထိုပြည်ကိုသင်တို့ပိုင်ဆိုင်၍ ထိုပြည်၌နေထိုင်ကြသောအခါ 32ယနေ့ သင်တို့အဖို့ ငါချမှတ်ထားသောပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်ရှိသမျှကို သင်တို့လိုက်နာစောင့်ထိန်းရမည်။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative