ဒေသနာကျမ်း 11
11
ဘဝတွင်ရင်းနှီးမြှုပ်နှံခြင်း
1သင်၏အစာကို ရေပြင်ပေါ်သို့ ပစ်လိုက်လော့။ အကြောင်းမူကား နေ့ရက်များစွာလွန်ပြီးနောက် ၎င်းကိုသင်ပြန်တွေ့လိမ့်မည်။ 2သင်၏ဝေစုကို လူခုနစ်ဦးမက ရှစ်ဦးတို့အား ပေးအပ်ထားလော့။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်တွင် မည်သို့သောဘေးဒုက္ခကျရောက်လာမည်ကို သင်မသိ။ 3တိမ်တိုက်များသည် မိုးရေနှင့်ပြည့်သောအခါ မြေကြီးပေါ်သို့ ရွာသွန်းတတ်၏။ သစ်ပင်သည်လည်း တောင်ဘက်သို့ဖြစ်စေ၊ မြောက်ဘက်သို့ဖြစ်စေ လဲကျလျှင် လဲကျရာအရပ်၌ရှိနေတတ်၏။ 4လေကိုစောင့်ကြည့်နေသောသူသည် မျိုးစေ့ကိုကြဲရလိမ့်မည်မဟုတ်။ မိုးတိမ်ကိုကြည့်နေသောသူသည်လည်း ရိတ်သိမ်းရလိမ့်မည်မဟုတ်။
5သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။
6နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
7အလင်းသည် ချိုမြိန်၏။ နေကိုတွေ့မြင်ရခြင်းသည်လည်း မျက်စိအတွက်နှစ်လိုဖွယ်ဖြစ်၏။
8သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။
9အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
10သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဒေသနာကျမ်း 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative