ဧသတာဝတ္ထု 1
1
ဝါရှတိကို ရှင်ဘုရင်အမျက်ထွက်ခြင်း
1အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။ 2ထိုကာလတွင် အာရွှေရုမင်းကြီးသည် ရှုရှန်နန်းတော် ရာဇပလ္လင်ထက်တွင် နန်းထိုင်၏။ 3နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။ 4ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။
5ထိုနေ့ရက်စေ့ပြီးနောက် မင်းကြီးသည် ရှုရှန်နန်းတော်အတွင်း အကြီးဆုံးမှစ၍အငယ်ဆုံးတိုင်အောင် ရှိသမျှလူအပေါင်းတို့အတွက် ဘုရင့်နန်းတော်ဥယျာဉ်ဝင်းတွင် ခုနစ်ရက်တိုင်တိုင်စားသောက်ပွဲကျင်းပပေး၏။ 6အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။
7စပျစ်ဝိုင်ကို ရွှေခွက်များဖြင့်တိုက်၏။ ရွှေခွက်များမှာလည်း တစ်ခွက်နှင့်တစ်ခွက်မတူ။ မင်းကြီးသည် တော်ဝင်စပျစ်ဝိုင်ကို ရက်ရက်ရောရော အလျှံပယ်တိုက်၏။ 8လူတိုင်း စပျစ်ဝိုင်ကို စိတ်တိုင်းကျသောက်ခွင့်ပြုရန် နန်းတော်အရာရှိအပေါင်းတို့အား မှာကြားထားသည်ဖြစ်၍ ထိုအမိန့်တော်အတိုင်း လွတ်လွတ်လပ်လပ် သောက်ရကြ၏။ 9မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။
10ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍ 11မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။ 12သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
ရှင်ဘုရင်၏အမိန့်တော်
13ရှင်ဘုရင်သည် ဥပဒေစီရင်ထုံးကိုနားလည်သူအပေါင်းတို့နှင့် တိုင်ပင်လေ့ရှိ၏။ ထို့ကြောင့် ရှင်ဘုရင်သည် ကာလဒေသကိုသိနားလည်သော ပညာရှိအမတ်များနှင့် ဆွေးနွေးတိုင်ပင်လေ၏။ 14ရှင်ဘုရင်ရှေ့တော်တွင် ခစားရပြီး နိုင်ငံတော်၌ အမြင့်ဆုံးရာထူးရရှိထားသူ၊ ရှင်ဘုရင်နှင့်အနီးကပ်နေရသူများမှာ ပါးရှားပြည်နှင့်မေဒိပြည်အကြီးအကဲခုနစ်ဦးဖြစ်သော ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှု၊ မေရက်၊ မာသေန၊ မမုကန်တို့ဖြစ်ကြ၏။ 15ရှင်ဘုရင်က သူတို့အား “မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့် အာရွှေရုမင်းကြီးမိန့်မှာသည့်အမိန့်ကိုမနာခံသောကြောင့် သူ့အား ဥပဒေအရ မည်သို့ပြုရမည်နည်း”ဟု မေး၏။
16ထိုအခါ မမုကန်က ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့တွင် “မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ငြင်းဆန်သည်မဟုတ်။ မှူးမတ်အားလုံးနှင့် အရှင်မင်းကြီးအာရွှေရု၏ပြည်တစ်ပြည်လုံးရှိ ပြည်သူပြည်သားအားလုံးတို့ကိုလည်း ဆန့်ကျင်လေပြီ။ 17မိဖုရား၏အပြုအမူကို မိန်းမအပေါင်းတို့ကြားသိလျှင် ‘အာရွှေရုမင်းကြီးသည် မိဖုရားဝါရှတိကို ရှေ့မှောက်သို့ အခစားဝင်စေသည်ကိုပင် သူမဝင်’ဟု ပြောဆိုကြပြီး ကိုယ့်ခင်ပွန်းကို မထီမဲ့မြင်ပြုကြလိမ့်မည်။ 18ယနေ့လည်း မိဖုရား၏အပြုအမူကိုကြားသိကြသော ပါးရှားပြည်နှင့် မေဒိပြည်မှအကြီးအကဲကတော်တို့သည် အရှင်မင်းကြီးခန့်ထားသောအကြီးအကဲအပေါင်းတို့ကို ထိုအတိုင်း ပြောဆိုဆက်ဆံကြပါလိမ့်မည်။ သို့ဖြစ်၍ မထီလေးစားပြုခြင်းနှင့် အမျက်ထွက်ခြင်းတို့ များပြားလာပါလိမ့်မည်။
19သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။ 20အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။
21ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။ 22ယောက်ျားတိုင်း ကိုယ့်အိမ်ထောင်ကိုဦးစီးရမည်။ ကိုယ့်လူမျိုး၏ဘာသာစကားကိုသာ ပြောဆိုရမည် ဟူသောအမိန့်စာကို နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားအတိုင်း ရှင်ဘုရင်ပိုင်နယ်မြေဒေသအားလုံးသို့ ပေးပို့၏။
လက်ရှိရွေးချယ်ထားမှု
ဧသတာဝတ္ထု 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative