ထွက်မြောက်ရာကျမ်း 1
1
အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်တွင်နှိပ်စက်ခံရခြင်း
1အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
2ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
3ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
4ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။
5ယာကုပ်မှ ဆင်းသက်လာသောသူ စုစုပေါင်း အယောက်ခုနစ်ဆယ်ရှိ၏။ ယောသပ်ကား အီဂျစ်ပြည်၌ရှိနှင့်၏။
6ယောသပ်မှစ၍ သူ၏ညီအစ်ကိုရှိသမျှနှင့် ထိုမျိုးဆက်အားလုံး သေကြကုန်၏။ 7သို့ရာတွင် အစ္စရေးအမျိုးသားတို့သည် တိုးပွားသည်ထက်တိုးပွားလာကြ၏။ ထိုသို့ တိုးပွားလာကြသဖြင့် လူဦးရေများသည်ထက်များလာ၍ တစ်ပြည်လုံး သူတို့နှင့် ပြည့်လေ၏။
8နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။ 9ထိုရှင်ဘုရင်က မိမိလူတို့အား “ကြည့်ကြလော့။ အစ္စရေးအမျိုးသားတို့သည် ငါတို့ထက်များပြား၍ အင်အားကြီးကြ၏။ 10လာကြ။ သူတို့ကို လိမ္မာပါးနပ်စွာပြုကြစို့။ သို့မဟုတ်လျှင် သူတို့သည် များပြားလာကြလိမ့်မည်။ စစ်ဖြစ်လျှင် သူတို့သည် ငါတို့၏ရန်သူတို့နှင့်ပေါင်း၍ ငါတို့ကိုတိုက်ခိုက်ပြီး ဤပြည်မှ ထွက်သွားကြလိမ့်မည်”ဟု ဆိုလေ၏။ 11သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။ 12သို့သော် သူတို့ကို နှိပ်စက်လေ ပို၍တိုးပွားပျံ့နှံ့လာလေဖြစ်သောကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။ 13ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရက်စက်ကြမ်းတမ်းစွာ စေခိုင်းကြ၏။ 14သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
15ထို့ပြင် အီဂျစ်ဘုရင်က ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲနှစ်ယောက်အား 16“သင်တို့သည် ဟေဗြဲအမျိုးသမီးတို့အား သားဖွားပေးသောအခါ ကြည့်၍ သားဖွားခုံပေါ်၌ ယောက်ျားလေးဖြစ်လျှင်သတ်စေ။ မိန်းကလေးဖြစ်လျှင်အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။ 17သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။ 18ထို့ကြောင့် အီဂျစ်ဘုရင်သည် ဝမ်းဆွဲတို့ကိုခေါ်၍ “သင်တို့သည် အဘယ်ကြောင့် ဤအမှုကိုပြုကြသနည်း။ အဘယ်ကြောင့် ယောက်ျားလေးများကို အသက်ချမ်းသာပေးကြသနည်း”ဟု သူတို့အား မေးလေ၏။
19ဝမ်းဆွဲတို့ကလည်း ဖာရောမင်းကြီးအား “ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည် သန်စွမ်းသောကြောင့် ဝမ်းဆွဲမရောက်မီ သားဖွားတတ်ကြပါ၏”ဟု ပြန်လျှောက်ကြ၏။
20ထို့ကြောင့် ဘုရားသခင်သည် ထိုဝမ်းဆွဲတို့အား ကျေးဇူးပြုတော်မူ၏။ အစ္စရေးလူမျိုးတို့သည်လည်း တိုးပွားကာ အလွန်အားကြီးလာ၏။ 21ထိုဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် သူတို့အား မိသားစုဘဝကိုပေးသနားတော်မူ၏။ 22ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative