YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 44

44
မင်းသား၏အခွင့်ထူး
1နောက်တစ်ဖန် ထို​သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော​သန့်ရှင်းရာဌာန​၏​အပြင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။ ထို​တံခါး​သည် ပိတ်​ထား​လျက်​ရှိ​၏​။ 2ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ဤ​တံခါး​ကို ပိတ်​ထား​ရ​မည်​။ ဖွင့်​မ​ထား​ရ​။ မည်သူမျှ ဤ​တံခါး​မှ မ​ဝင်​ရ​။ အကြောင်းမူကား အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​တံခါး​ဖြင့် ကြွဝင်​၏​။ ထို့ကြောင့် ပိတ်​ထား​ရ​မည်​။ 3မင်းသား​တစ်ပါး​သာလျှင် ထို​တံခါး​နား​တွင်​ထိုင်​၍ ထာဝရဘုရား​ရှေ့​တော်​၌​စားသောက်​ရ​မည်​။ သူ​သည် ထို​တံခါး​၏​ဆင်ဝင်လမ်း​ဖြင့်​ဝင်​၍ ထို​လမ်း​ဖြင့်​ပင် ပြန်ထွက်​ရ​မည်”​ဟု မိန့်​တော်မူ​၏​။ 4ထို့နောက် ထို​သူ​သည် ငါ့​အား မြောက်ဘက်​ဝင်ပေါက်​လမ်း​မှ အိမ်​တော်​ရှေ့​သို့ ခေါ်ဆောင်​သွား​၏​။ ငါ​ကြည့်လိုက်​သော် ထာဝရဘုရား​၏​အိမ်​တော်​သည် ထာဝရဘုရား​၏​ဘုန်း​တော်​နှင့် ပြည့်​လျက်​နေ​သည်​ကို တွေ့​ရ​၏​။ ငါ​သည်​လည်း ပျပ်ဝပ်​လေ​၏​။ 5ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အချင်း​လူသား​၊ ငါ​မိန့်ဆို​ထား​သော ထာဝရဘုရား​၏​အိမ်​တော်​ဆိုင်ရာ ပြဋ္ဌာန်းချက်​၊ ပညတ်ချက် အလုံးစုံ​တို့​ကို သင့်​မျက်စိ​ဖြင့် ကြည့်​လော့​။ နား​ဖြင့် နားထောင်​လော့​။ စိတ်နှလုံး​ဖြင့် မှတ်ကျုံး​လော့​။ အိမ်​တော်​အဝင်ပေါက်​၊ သန့်ရှင်းရာဌာန​အထွက်ပေါက်​တို့​ကို သေချာ​စွာ​မှတ်သား​လော့​။
လေဝိသားတို့၏တာဝန်များ၊ အကျိုးခံစားခွင့်များ
6သင်​သည် ပုန်ကန်​တတ်​သော​အစ္စရေး​အမျိုးအနွယ်​တို့​အား ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​မှာ ကြီးလေး​လှ​၏​။ 7သင်​တို့​သည် ငါ့​ထံ စားဖွယ်ခဲဖွယ်​၊ အဆီ​၊ အသွေး​တို့​ကို ပူဇော်​သောအခါ စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​တို့​ကို ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ ခေါ်ဆောင်​လာ​၍ ငါ့​အိမ်​တော်​ကို ညစ်ညူး​စေ​ကြ​၏​။ စက်ဆုပ်ရွံရှာဖွယ်​အမှု​အလုံးစုံ​တို့​ဖြင့် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​။ 8သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​အမှု​တော်​ကို မ​ထမ်းဆောင်​။ ငါ​၏​သန့်ရှင်းရာဌာန​အမှု​ကို ထမ်း​ရ​မည့်​အစား အခြားသူ​တို့​ကို ထမ်း​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။
9ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​များ​သာမက အစ္စရေး​အမျိုးသား​တို့​နှင့်အတူ​နေထိုင်​သော တိုင်းတစ်ပါးသား​တစ်ယောက်မျှ ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ မ​ဝင်​ရ​။ 10အစ္စရေး​လူမျိုး​တို့ လမ်းလွဲ​သွား​သောအခါ လေဝိ​အမျိုး​သည်​လည်း ငါ​နှင့်​ဝေးသွား​ကြ​၏​။ ငါ့​ထံမှ​လမ်းလွဲ​၍ ရုပ်တု​နောက်သို့ လိုက်​ကြ​၏​။ သူ​တို့​သည် ကိုယ့်​အပြစ်​ကိုယ်​ခံ​ကြ​ရ​မည်​။ 11သူ​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​တော်​တွင် အိမ်​တော်​တံခါးစောင့်​များ​၊ အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​များ စသော အမှုထမ်း​များ​ဖြစ်​ရ​မည်​။ သူ​တို့​သည် လူ​တို့​အဖို့ မီးရှို့​ရာ​ယဇ်ကောင်​ကို​သတ်​၍ ပူဇော်​ပေး​ရ​မည်​။ လူ​တို့​ရှေ့​တွင်​ရပ်​၍ သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​ရ​မည်​။ 12သို့သော် သူ​တို့​သည် ရုပ်တု​တို့​ရှေ့​တွင်​ရပ်​၍ လူ​တို့​အတွက် အမှု​ကို​ဆောင်ရွက်​ကြ​ပြီ​။ အစ္စရေး​အမျိုးအနွယ်​တို့​ကို အပြစ်​ထဲသို့ လဲကျ​စေ​သော​သူ​များ ဖြစ်​ကြ​ပြီ​။ ထို့ကြောင့် ကိုယ့်​အပြစ်​ကိုယ်​ခံရ​ကြ​မည်​ဟု ငါ​ကျိန်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။ 13ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​အမှု​တော်​ထမ်း​ဖို့ ငါ့​ထံ​မ​လာ​ရ​၊ သန့်ရှင်းသောအရာ​တို့​နား​သို့ မ​လာ​ရ​၊ အသန့်ရှင်းဆုံးဌာန​ထဲသို့ မ​ဝင်​ရ​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် အသရေပျက်​ခြင်း ခံရ​မည်​။ 14တစ်ဖန် အိမ်​တော်​ကို​ထိန်းသိမ်း​ဖို့​၊ အိမ်​တော်​အမှု​ကို ထမ်းဆောင်​ဖို့​နှင့် အိမ်​တော်​နှင့်​ပတ်သက်၍ လုပ်ဆောင်စရာအမှု​အလုံးစုံ​တို့​ကို လုပ်ဆောင်​ဖို့ သူ​တို့​ကို ငါ​ပြန်ခန့်​ထား​မည်’​ဟု မိန့်​တော်မူ​၏​။
ယဇ်ပုရောဟိတ်တို့၏တာဝန်နှင့်အကျိုးခံစားခွင့်များ
15ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုးသား​တို့ ငါ့​ထံမှ လမ်းလွဲ​သွား​ကြ​သောအခါ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​ဇာဒုတ်​၏​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အမှု​ကို စောင့်ထိန်း​ခဲ့​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် ငါ့​ထံသို့​ဆည်းကပ်​၍ ငါ့​အမှု​တော်​ကို ထမ်းဆောင်​ရ​မည်​။ ငါ့​ရှေ့မှောက်​တွင်​ရပ်​လျက် အဆီ​၊ အသွေး​တို့​ကို ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။ 16‘သူ​တို့​သာလျှင် ငါ့​သန့်ရှင်းရာဌာန​တော်​ထဲသို့ ဝင်​ရ​မည်​။ သူ​တို့​သာလျှင် ငါ့​စားပွဲ​သို့​လာ​၍ ငါ့​အမှု​ကို​ထမ်းဆောင်​ရ​သော​အမှုထမ်း ဖြစ်​ရ​မည်​။ 17သူ​တို့​သည် အတွင်း​ဝင်း​တံခါး​သို့ ဝင်​သောအခါ ချည်ချောထည်​ကို ဝတ်​ရ​မည်​။ အတွင်း​ဝင်း​တံခါး​၌​ဖြစ်စေ​၊ အိမ်​တော်​တွင်း​၌​ဖြစ်စေ အမှု​တော်​ထမ်းဆောင်​သောအခါ သိုးမွေးထည်​ကို မ​ဝတ်​ရ​။ 18ချည်ထည်​ခေါင်းပေါင်း​ကို ပေါင်း​ရ​မည်​။ ခါးစည်း ပိတ်ချော​ဘောင်းဘီ​ကို ဝတ်​ရ​မည်​။ ချွေးထွက်​စေ​သော​အထည်​ကို မ​ဝတ်​ရ​။ 19လူ​အများ​ရှိ​ရာ​အပြင်​ဝင်း​သို့ ထွက်သွား​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​များ​ကို​ချွတ်​၍ သန့်ရှင်း​သော​အခန်း​ထဲ​တွင် ထားခဲ့​ရ​မည်​။ သူ​တို့​၏​အဝတ်​အားဖြင့် လူ​တို့​ထံ သန့်ရှင်း​ခြင်း​မ​ကူး​ရ​အောင် အခြား​အဝတ်​ကို ဝတ်​ရ​မည်​။ 20သူ​တို့​သည် ခေါင်းတုံး​မ​တုံး​ရ​၊ ဆံပင်အရှည် မ​ထား​ရ​၊ ဆံပင်​ကို တိရုံ​သာ​တိ​ရ​မည်​။ 21အတွင်း​ဝင်း​ထဲသို့​ဝင်​သောအခါ မည်သည့်​ယဇ်ပုရောဟိတ်​မျှ စပျစ်ဝိုင်​မ​သောက်​ရ​။ 22မုဆိုးမ​၊ တစ်ခုလပ်​တို့​ကို မယား​အဖြစ်​မ​ယူ​ရ​။ အစ္စရေး​အမျိုးအနွယ်​ထဲမှ အပျိုကညာ​များ​နှင့် သေ​သွား​သော​ယဇ်ပုရောဟိတ်​၏​မယား မုဆိုးမ​ကို​မူ မယား​အဖြစ်​ယူ​နိုင်​၏​။ 23ငါ​၏​လူမျိုး​တော်​တို့​အား သန့်ရှင်းမြင့်မြတ်​သော​အရာ​နှင့် သာမန်အရာ​တို့​ကို သွန်သင်​ပြ​ရ​မည်​။ ညစ်ညူး​သော​အရာ​နှင့် စင်ကြယ်​သော​အရာ​တို့​ကို​လည်း ပိုင်းခြား​ပြ​ရ​မည်​။
24အမှုအခင်း​ဖြစ်၍ တရားစီရင်​မည်​ဆိုလျှင် ငါ့​စီရင်ထုံးဖွဲ့ချက်​အတိုင်း စီရင်​ရ​မည်​။ ငါ​သတ်မှတ်​ထား​သော​ပွဲတော်​ဆိုင်ရာ ငါ့​ပညတ်ချက်​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို​လည်း ထိန်းသိမ်း​ရ​မည်​။ ငါ့​ဥပုသ်နေ့​ကို​လည်း သန့်ရှင်း​စေ​ရ​မည်​။ 25လူသေကောင်​ရှိ​ရာ​သို့​သွား​ခြင်း​ဖြင့် ကိုယ်ကို​မ​ညစ်ညူး​စေ​ရ​။ သို့သော် ကိုယ့်​မိဘ​၊ သား​သမီး​၊ ညီအစ်ကို​၊ အပျိုစင်​ညီမ​အတွက်​ကို​မူ ကိုယ်ကို​ညစ်ညူး​စေ​နိုင်​၏​။ 26သူ​စင်ကြယ်​ပြီးသည့်နောက် သူ့​အတွက် ခုနစ်​ရက်​ရေတွက်​ရ​မည်​။ 27ထို့နောက် သူ​သည် သန့်ရှင်းရာဌာန​တော်​တွင် အမှု​ထမ်းဆောင်​ရန် အတွင်း​ဝင်း​ရှိ​သန့်ရှင်းရာဌာန​ထဲသို့ ဝင်​သော​နေ့​တွင် အပြစ်ဖြေရာယဇ်​ကို ပူဇော်​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 28‘သူ​တို့​ပိုင်ဆိုင်​ရ​မည့်​အမွေ​ကား ငါ​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​တို့​တွင် သူ​တို့​ကို အမွေ​မ​ပေး​ရ​။ ငါ​သာလျှင် သူ​တို့​၏​အမွေ​ဖြစ်​၏​။ 29ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ ဒုစရိုက်ဖြေရာယဇ်​တို့​ကို သူ​တို့​စား​ရ​မည်​။ အစ္စရေး​လူမျိုး​တို့ ဆက်ကပ်​သော​အရာ​ဟူသမျှ​သည် သူ​တို့​အပိုင်​ဖြစ်​ရ​မည်​။ 30အကောင်းဆုံး​အသီးဦး​အမျိုးမျိုး​နှင့် အလှူပစ္စည်း​အမျိုးမျိုး​တို့​ကို ယဇ်ပုရောဟိတ်​တို့ ပိုင်​ရ​မည်​။ သင့်​အိမ်သား​တို့ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည့်​အကြောင်း သင်​၏​အဦးဆုံး​မုန့်ညက်​ကို ယဇ်ပုရောဟိတ်​တို့​အား ပေးလှူ​ရ​မည်​။ 31ငှက်​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အလိုလိုသေ​လျှင်​၊ သို့မဟုတ် သားရဲ​ကိုက်​၍​သေ​လျှင် ယဇ်ပုရောဟိတ်​တို့​မ​စား​ရ​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 44: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ