YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 43

43
ထာဝရဘုရား၏ဘုန်းတော် ထွန်းလင်းတော်မူခြင်း
1ထို့နောက် သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။ 2ထို​နေရာ​တွင် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​ဘုန်း​တော်​သည် အရှေ့ဘက်​မှ​ထွက်ပေါ်​လာ​၍ အသံ​တော်​သည်​လည်း ရေထု​ကြီး​ဟုန်းသံ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် မြေ​တစ်ပြင်လုံး​သို့ ထွန်းလင်း​လေ​၏​။#ဒံ 10:6၊ ဗျာ 1:15။ 3ငါ​မြင်​ရ​သော​ဗျာဒိတ်အာရုံ​သည် ဘုရားသခင်​က မြို့​ကို​လာ​ဖျက်ဆီး​မည်​ဟု မိန့်ဆို​ခဲ့​စဉ်က မြင်​ခဲ့​ရ​သော ဗျာဒိတ်အာရုံ​နှင့်​တူ​၏​။ ထို​ဗျာဒိတ်အာရုံ​သည် ခေဗာ​မြစ်​နား​၌ ငါ​မြင်​ခဲ့​သော နိမိတ်အာရုံ​နှင့်​လည်း​တူ​၏​။ ထိုအခါ ငါ​ပျပ်ဝပ်​လေ​၏​။ 4ထာဝရဘုရား​၏​ဘုန်း​တော်​သည် အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​ကို​ဖြတ်​၍ အိမ်​တော်​ထဲသို့​ဝင်​တော်မူ​၏​။ 5ထိုအခါ ဝိညာဉ်​တော်​သည် ငါ့​ကို​ချီ​၍ အတွင်း​ဝင်း​ထဲသို့​ခေါ်ဆောင်​သွား​၏​။ ကြည့်ရှု​လော့​။ အိမ်​တော်​သည် ထာဝရဘုရား​၏​ဘုန်း​တော်​နှင့် ပြည့်​လျက်​နေ​၏​။ 6ထို​သူ​သည် ငါ့​အနီး​၌​ရပ်​နေ​စဉ် အိမ်​တော်​ထဲမှ ငါ့​အား​မိန့်​တော်မူ​သံ​ကို ငါ​ကြား​ရ​၏​။ 7ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​နေရာ​သည် ငါ့​ပလ္လင်​တည်​ရာ​၊ ငါ့​ခြေချ​ရာ​ဖြစ်​၏​။ ဤ​နေရာ​၌ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ ငါ​အစဉ်​ကိန်းဝပ်​မည်​။ အစ္စရေး​အမျိုးသား​နှင့် သူ​တို့​၏​ဘုရင်​တို့​သည် ဖောက်ပြန်​သော​အားဖြင့် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​၌ ရှင်ဘုရင်​ရုပ်ကလာပ်​များ​အားဖြင့် သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​ကြ​တော့​မည်​မ​ဟုတ်​။ 8သူ​တို့​၏​တံခါးခုံ​များ​ကို ငါ့​တံခါးခုံ​နား​မှာ​လည်းကောင်း​၊ သူ​တို့​၏​တံခါးတိုင်​များ​ကို ငါ့​တံခါးတိုင်​နား​မှာ​လည်းကောင်း ထား​ကြ​၏​။ သူ​တို့​နှင့်​ငါ့​ကြား​၌ နံရံ​တစ်​ခု​သာ​ခြား​၏​။ သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို​ပြု​၍ သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​ကြ​၏​။ ထို့ကြောင့် ငါ​အမျက်ထွက်​၍ သူ​တို့​ကို ဖျက်ဆီး​ခဲ့​၏​။ 9ယခုတွင် သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​၊ ရှင်ဘုရင်​ရုပ်ကလာပ်​များ​အားဖြင့်​မှားယွင်းမှု​တို့​ကို ပယ်ရှား​ကြ​ပါစေ​။ သို့ပြုလျှင် သူ​တို့​နှင့်အတူ ငါ​အစဉ်​ကိန်းဝပ်​မည်​။ 10အချင်း​လူသား​၊ အစ္စရေး​အမျိုးသား​တို့​အား အိမ်​တော်​အကြောင်း​ကို ပြောပြ​လော့​။ သို့မှ သူ​တို့​၏​ဒုစရိုက်​ကြောင့် သူ​တို့​ရှက်ကြောက်​ကြ​လိမ့်မည်​။ သူ​တို့​သည် အိမ်​တော်​တည်ဆောက်ပုံ​ကို ဆင်ခြင်​ကြ​ပါစေ​။ 11သူ​တို့​ပြု​ခဲ့​သမျှ​အတွက် ရှက်​မည်​ဆိုလျှင် အိမ်​တော်​ပုံစံ​၊ စီစဉ်​တည်ဆောက်​ပုံ​၊ ထွက်ပေါက်​ဝင်ပေါက်​စသော အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​၊ အိမ်​တော်​နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်း​များ​အားလုံး​၊ ပုံစံ​အားလုံး​၊ ဥပဒေသ​အားလုံး စသည်​တို့​ကို သူ​တို့​သိ​အောင် သူ​တို့​ရှေ့​တွင်​ပင် ချရေး​ပြ​လော့​။ သို့မှ အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​နှင့် စည်းမျဉ်းစည်းကမ်း​အားလုံး​ကို စောင့်ထိန်း​လိုက်နာ​နိုင်​မည်​ဖြစ်​သည်​။ 12ဤကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက် ဖြစ်​၏​။ တောင်​ထိပ်​တစ်ခုလုံး​သည် အထူး​သန့်ရှင်းရာနေရာ​ဖြစ်​၏​။ ဤသည်ကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက်​ဖြစ်​၏​။
ယဇ်ပလ္လင်တော်
13ယဇ်ပလ္လင်​၏​အရွယ်အစား​မှာ ဤသို့​ဖြစ်​၏​။ ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​သည် တစ်တောင်#43:13 “21 လက်မ သို့မဟုတ် 52.5 စင်တီမီတာ”။​မြင့်​၍ တစ်တောင်​ကျယ်​ရ​မည်​။ (​ဤတွင် တစ်တောင်​ဆို​သည်​မှာ လူ​လက်​တစ်တောင်#43:13 “​18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​နှင့်​လက်တစ်ဝါးစာ#43:13 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”​။​အတိုင်းအတာ​ကို ဆိုလို​သည်​။) ပတ်ပတ်လည်​အနားကွပ်​အကျယ်​မှာ တစ်ထွာ​ရှိ​ရ​မည်​။ ဤကား ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​ဖြစ်​၏​။ 14မြေ​ပေါ်ရှိ အောက်ခြေ​အဆင့်​မှ နောက်​အဆင့်ငယ်​တစ်ဆင့်​မှာ နှစ်​တောင်#43:14 “​42 လက်မ သို့မဟုတ် 105 စင်တီမီတာ”။​မြင့်​၍ တစ်​တောင်​ကျယ်​ရ​မည်​။ ထို​အဆင့်​ငယ်​မှ ပို၍​မြင့်​သော​အဆင့်​မှာ လေး​တောင်#43:14 “84 လက်မ သို့မဟုတ် 210 စင်တီမီတာ”။​မြင့်​၍ တစ်တောင်​ကျယ်​ရ​မည်​။ 15ယဇ်ပလ္လင်​ကိုယ်ထည်​သည် လေး​တောင်​မြင့်​၍ ယဇ်ပလ္လင်​ကိုယ်ထည်​ထောင့်​လေး​ထောင့်​တွင် ချို​တစ်ချောင်းစီ ထောင်ထွက်​နေ​ရ​မည်​။ 16ယဇ်ပလ္လင်​ကိုယ်ထည်​သည် စတုရန်းပုံ​ရှိ​၍ အလျား​တစ်ဆယ့်​နှစ်​တောင်​၊ အနံ​တစ်ဆယ့်​နှစ်​တောင်​ရှိ​ရ​မည်​။ 17ကိုယ်ထည်​၏​အောက်ခြေ​သည် စတုရန်းပုံ​ဖြစ်၍ အလျား​တစ်ဆယ့်​လေး​တောင်#43:17 “294 လက်မ သို့မဟုတ် 735 စင်တီမီတာ”​။​၊ အနံ​တစ်ဆယ့်​လေး​တောင် ရှိ​ရ​မည်​။ အနားကွပ်​မှာ တစ်ထွာ#43:17 “9 လက်မ သို့မဟုတ် 22 စင်တီမီတာ”။​ရှိ​ရ​မည်​။ အောက်ခြေ​ပတ်ပတ်လည်​မှာ တစ်တောင်​ကျယ်​ရ​မည်​။ ယဇ်ပလ္လင်​လှေကားထစ်​များ​သည် အရှေ့ဘက်​သို့​မျက်နှာမူ​ရ​မည်”​ဟု မိန့်​တော်မူ​၏​။ 18တစ်ဖန် ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဘုရားရှင်​ထာဝရဘုရား​က ‘ယဇ်ပလ္လင်​ကို တည်ဆောက်​ပြီး​သော​နေ့​တွင် မီးရှို့ရာယဇ်​ကို ပူဇော်​ရန်​၊ အသွေး​ကို ဖျန်း​ရန် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။ 19ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ထံသို့​ဆည်းကပ်​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ် လေဝိ​အမျိုး​ဇာဒုတ်​၏​သားစဉ်မြေးဆက်​တို့​အား သင်​သည် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီးပျို​တစ်​ကောင်​ကို ပေး​ရ​မည်​’​ဟု မိန့်​တော်မူ​၏​။ 20‘နွားထီးပျို​၏​သွေး​အချို့​ကို​ယူ​၍ ယဇ်ပလ္လင်​၏​ချို​လေး​ခု​၊ အဆင့်​၏​ထောင့်​လေး​ထောင့်​နှင့် အကွပ်​ပတ်လည်​တို့​၌ သုတ်လိမ်း​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ကို စင်ကြယ်​စေ​ရ​မည်​။ ယဇ်ပလ္လင်​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ 21အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သန့်ရှင်းရာဌာန​အပြင်ဘက် အိမ်​တော်​၏​သတ်မှတ်​ထား​သော​နေရာ​တွင် မီးရှို့​ရ​မည်​။ 22ဒုတိယ​နေ့​တွင် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော ဆိတ်ထီးကလေး​တစ်​ကောင်​ကို ပူဇော်​ရ​မည်​။ သူ​တို့​သည် ယဇ်ပလ္လင်​ကို နွားထီး​အသွေး​ဖြင့် စင်ကြယ်​စေ​သကဲ့သို့ ဆိတ်ထီး​အသွေး​အားဖြင့်​လည်း စင်ကြယ်​စေ​ရ​မည်​။ 23သင်​သည် ယဇ်ပလ္လင်​ကို စင်ကြယ်​စေ​ပြီးနောက် နွားအုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးအုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော သိုးထီး​တစ်​ကောင်​ကို ပူဇော်​ရ​မည်​။ 24ထို​ယဇ်ကောင်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​၍ ယဇ်ပုရောဟိတ်​တို့​က ထို​ယဇ်ကောင်​များ​အပေါ် ဆား​ဖြူး​ပြီးလျှင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 25ဆိတ်ထီး​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် သိုးအုပ်​ထဲမှ သိုးထီးပျို​တစ်​ကောင်​ကို​လည်း ပူဇော်​ရ​မည်​။ ထို​ယဇ်ကောင်​တို့​သည် အပြစ်အနာအဆာကင်း​ရ​မည်​။ 26ယဇ်ပလ္လင်​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ကို ခုနစ်​ရက်​ပတ်လုံး ပြု​ရ​မည်​။ ထိုသို့ စင်ကြယ်​စေ​ပြီးမှ ယဇ်ပလ္လင်​ကို ဆက်ကပ်​ရ​မည်​။ 27ခုနစ်​ရက်​ပြီးဆုံး​၍ ရှစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ရ​မည်​။ ငါ​သည်​လည်း သင်​တို့​ကို​လက်ခံ​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 43: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ