ကမ္ဘာဦးကျမ်း 35
35
ဗေသလအရပ်သို့ ယာကုပ်ပြန်လာခြင်း
1ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
2ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။ 3ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
4ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။ 5ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။ 6ယာကုပ်သည် သူနှင့်အတူရှိသောလူအပေါင်းတို့နှင့်တကွ ခါနာန်ပြည်ရှိ လုဇမြို့တည်းဟူသော ဗေသလအရပ်သို့ရောက်လာ၏။ 7သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ#35:7 “ဗေသလအရပ်၏ဘုရားသခင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
8ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ်#35:8 “ငိုကြွေးရာဝက်သစ်ချပင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။
9ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။ 10ဘုရားသခင်က “သင်၏အမည်သည် ယာကုပ် ဖြစ်၏။ သို့သော် သင့်ကို ယာကုပ် ဟုခေါ်တော့မည်မဟုတ်။ ယခုမှစ၍ သင်၏အမည်သည် အစ္စရေး ဖြစ်ရမည်”ဟု သူ့အားမိန့်တော်မူလျက် သူ၏အမည်ကို အစ္စရေး ဟုမှည့်ခေါ်တော်မူ၏။ 11တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ်#35:11 တိုက်ရိုက်ပြန်ဆိုလျှင် “သင်၏ခါး”။ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။ 12အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။ 13ထို့နောက် ဘုရားသခင်သည် သူနှင့်မိန့်မြွက်တော်မူသောထိုအရပ်မှ ကြွသွားတော်မူ၏။
14ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။ 15ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။
ရာခေလသေဆုံးခြင်း
16ထို့နောက် သူတို့သည် ဗေသလအရပ်မှခရီးပြု၏။ ဧဖရတ်မြို့သို့ရောက်ရန် အတန်ငယ်ဝေးသေးသောနေရာတွင် ရာခေလသည် သားဖွားမည့်အချိန်ရောက်၍ သားဖွားရခက်နေ၏။ 17ထိုသို့ သူသည် သားဖွားရခက်နေစဉ် ဝမ်းဆွဲက “မစိုးရိမ်နှင့်။ သင်သည် သားနောက်တစ်ယောက်ရပြီ”ဟု သူ့အားဆိုလျှင် 18ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ#35:18 “ဝမ်းနည်းခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန်#35:18 “လက်ယာလက်ရုံး”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်၏။ 19ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ 20ယာကုပ်သည် ရာခေလ၏သင်္ချိုင်း၌ မှတ်တိုင်ကိုစိုက်ထူလေ၏။ ၎င်းသည် ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်၏။
အစ္စရေး၏သားများ
21ထို့နောက် အစ္စရေးသည် ခရီးပြု၍ ဧဒါမျှော်စင်အလွန်တွင် တဲကိုဆောက်လေ၏။ 22အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။ 23လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။ 24ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။ 25ရာခေလ၏ကျွန်မဗိလဟာ၏သားများမှာ ဒန်၊ နဿလိ တို့ဖြစ်ကြ၏။ 26လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။ ဤသူတို့ကား ပါဒန်အာရံပြည်၌မွေးဖွားသော ယာကုပ်၏သားများဖြစ်ကြ၏။
ဣဇက်သေဆုံးခြင်း
27ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။ 28ဣဇက်သည်နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ်အသက်ရှင်ခဲ့၏။ 29ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 35: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative