ဟေဗြဲဩဝါဒစာ 4
4
ငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရမည့်ကတိတော်
1ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။ 2အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။ 3ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”#ဟေဗြဲ 3:11၊ ဆာ 95:11။ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။ 4အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏”#က 2:2၊ ထွ 20:11။ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။ 5တစ်ဖန် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု ထိုနေရာ၌ဆိုထား၏။
6သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။ 7ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”#ဆာ 95:7-8။ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။ 8အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။ 9သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။ 10အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။#က 2:2။ 11ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
12ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။ 13ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်း
14ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။ 15အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။ 16ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
လက်ရှိရွေးချယ်ထားမှု
ဟေဗြဲဩဝါဒစာ 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative