YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 9

9
ရောက်လာမည့်ဖမ်းခေါ်သွားခြင်းဘေး
1အို အစ္စရေး​၊ လူမျိုးခြား​တို့​ကဲ့သို့ မ​ရွှင်လန်း​၊ မ​ဝမ်းမြောက်​နှင့်​။ သင်​တို့​သည် ဖောက်ပြန်မှားယွင်း​ကြ​ပြီ​။ ဘုရားသခင်​ကို စွန့်ပစ်​ကြ​ပြီ​။ ကောက်နယ်တလင်း​ရှိသမျှ​တို့​တွင် ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​ကို နှစ်သက်​လေ​ပြီ​။ 2ကောက်နယ်တလင်း​များ​၊ စပျစ်သီးနယ်ရာကျင်း​များ​သည် သူ​တို့​ကို ကျွေးမွေး​မည်​မ​ဟုတ်​။ စပျစ်ဝိုင်​အသစ်​သည်​လည်း သူ​တို့​အဖို့ လုံလောက်​မည်​မ​ဟုတ်​။ 3သူ​တို့​သည် ထာဝရဘုရား​၏​ပြည်​တွင် နေ​ရ​တော့​မည်​မ​ဟုတ်​။ ဧဖရိမ်​သည် အီဂျစ်​ပြည်​သို့​ပြန်သွား​ရ​လိမ့်မည်​။ အဆီးရီးယား​ပြည်​တွင် မစင်ကြယ်​သော​အစာ​ကို စား​ရ​လိမ့်မည်​။ 4သူ​တို့​သည် စပျစ်ဝိုင်​ကို ထာဝရဘုရား​ထံ သွန်းလောင်း​ပူဇော်​ရ​မည်​မ​ဟုတ်​။ သူ​တို့​၏​ပူဇော်သက္ကာ​တို့​ကို​လည်း ကိုယ်တော်​လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ထို​ပူဇော်သက္ကာ​သည် သူ​တို့​အဖို့ အသုဘ​အစာ​ကဲ့သို့ ဖြစ်​၏​။ စား​သော​သူ​အားလုံး ညစ်ညူး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အကယ်စင်စစ် ထို​အစာ​သည် သူ​တို့​စား​ဖို့​သာ ဖြစ်​၏​။ ထာဝရဘုရား​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။ 5သတ်မှတ်​ထား​သော​ပွဲတော်​နေ့​၊ ထာဝရဘုရား​အဖို့​ပွဲတော်​နေ့​တွင် သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။ 6ပျက်စီး​ခြင်း​ဘေး​ကြောင့် သူ​တို့​ထွက်ပြေး​သော်လည်း အီဂျစ်​ပြည်​သည် သူ​တို့​ကို​စုသိမ်း​လိမ့်မည်​။ မင်ဖိ​မြို့​သည် သူ​တို့​ကို​သင်္ဂြိုဟ်​လိမ့်မည်​။ သူ​တို့​တန်ဖိုး​ထား​သော​ငွေ​တို့​ကို ဖက်ယားပင် ဖုံးလွှမ်း​သွား​လိမ့်မည်​။ သူ​တို့​၏​တဲ​များ​ကို​လည်း ဆူးပင်​ဖုံးလွှမ်း​သွား​လိမ့်မည်​။ 7စစ်ကြော​ရာ​နေ့ ရောက်လာ​ပြီ​။ ဒဏ်ပေး​ရာ​နေ့ ရောက်လာ​ပြီ​။ ဤ​အကြောင်း​ကို အစ္စရေး​အား သိ​စေ​လော့​။ သင်​တို့​သည် အပြစ်​ကြီး​ပြီး မုန်းတီးစိတ်​ပြင်းထန်​လွန်း​သောကြောင့် ပရောဖက်​တို့​လည်း ဆိုးမိုက်​ရ​လေ​ပြီ​။ ဝိညာဉ်​လူ​တို့​လည်း ရူးသွပ်​ရ​လေ​ပြီ​။ 8ဧဖရိမ်​၏​ကင်းစောင့်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏​။ သို့သော် ပရောဖက်​သွား​ရာ​လမ်း​တစ်လျှောက်လုံး​တွင် မုဆိုး​ကျော့ကွင်း​ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​တွင်​လည်း မုန်းတီး​ခြင်း​များ ရှိ​၏​။ 9သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။
သားသမီးများကို ဆုံးရှုံးလိုက်ရသောဧဖရိမ်
10“တောကန္တာရ​ရှိ စပျစ်သီး​ကဲ့သို့ အစ္စရေး​ကို ငါ​တွေ့​ခဲ့​၏​။ အဦးဆုံး​သီး​၍ အဦးဆုံးမှည့်​သော​သဖန်းသီး​ကဲ့သို့ သင်​တို့​၏​ဘိုးဘေး​တို့​ကို​လည်း ငါ​မြင်​ခဲ့​၏​။ သို့သော် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ထံသို့​သွား​ပြီး မိမိ​တို့​ကိုယ်​ကို ရှက်ဖွယ်​သော​အရာ​လက်​သို့ အပ်လိုက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် သူ​တို့​ချစ်​သော​အရာ​ကဲ့သို့ ရွံရှာဖွယ်​ရာ​ဖြစ်​လေ​၏​။ 11ဧဖရိမ်​၏​ဂုဏ်သရေ​သည် ငှက်​ကဲ့သို့ ပျံသန်း​သွား​လိမ့်မည်​။ သားဖွား​ခြင်း​၊ ကိုယ်ဝန်ဆောင်​ခြင်း​၊ သန္ဓေတည်​ခြင်း မ​ရှိ​ရ​။ 12အကယ်၍ သားသမီး​မွေး​လျှင်​လည်း အားလုံး​ကို ငါ​ဆုံးပါး​စေ​မည်​။ သူ​တို့​ကို ငါ​စွန့်ပစ်​သောအခါ သူ​တို့ အမင်္ဂလာ​ဖြစ်​လိမ့်မည်​။ 13ဧဖရိမ်​ကို ငါ​တွေ့​စဉ်က တိုင်ရာ​မြို့​ကဲ့သို့ စားကျက်မြေ​၌​ပေါက်​သော​အပင်​နှင့်​တူ​၏​။ သို့သော် ဧဖရိမ်​သည် သူ့​သားသမီး​တို့​ကို လူသတ်သမား​ထံ ခေါ်ထုတ်​လာ​ရ​တော့​မည်​။” 14အို ထာဝရဘုရား​၊ သူ​တို့​အား ပေး​တော်မူ​ပါ​။ သူ​တို့​အား မည်သည့်​အရာ​ပေး​တော်မူ​မည်နည်း​။ သူ​တို့​အား ကိုယ်ဝန်ပျက်​သော​ဝမ်း​၊ နို့​မ​ထွက်​သော​သားမြတ်​ကို ပေး​တော်မူ​ပါ​။ 15“ဂိလဂါလ​မြို့​၌ မကောင်းမှု​မှန်သမျှ​ကို ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​မုန်း​၏​။ သူ​တို့​ပြု​သော​မကောင်းမှု​များ​ကြောင့် သူ​တို့​ကို မ​ချစ်​တော့​ဘဲ ငါ့​အိမ်​တော်​မှ​နှင်ထုတ်​မည်​။ သူ​တို့​၏​အကြီးအကဲ​တို့​သည် ခေါင်းမာ​သော​အမျိုး ဖြစ်​၏​။ 16ဧဖရိမ်​သည် ဒဏ်ခတ်​ခံရ​သဖြင့် အမြစ်​ခြောက်သွေ့​ကာ အသီး​မ​သီး​နိုင်​သော​အပင်​ကဲ့သို့ ဖြစ်​၏​။ သားဖွား​လျှင်​လည်း သူ​ချစ်မြတ်နိုး​သော​သား​ကို ငါ​ကွပ်မျက်​မည်​။” 17သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို စွန့်ပစ်​တော်မူ​မည်​။ သူ​တို့​သည် လူမျိုးခြား​တို့​တွင် လှည့်လည်​သွားလာ​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ