YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 13

13
ဘေဘီလုံမြို့နှင့်ဆိုင်သောဗျာဒိတ်တော်
1ဘေဘီလုံ​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား ဟေရှာယ​မြင်​ရ​သော​ဗျာဒိတ်​တော်​။ 2တောင်​ကတုံး​ပေါ်၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ သူ​တို့​ထံ အသံ​ကို​လွှင့်​ကြ​။ လက်​ကို​ဝှေ့ယမ်း​ကြ​။ ထိုအခါ မင်းအရာရှိ​တံခါး​တို့​မှ သူ​တို့​ဝင်လာ​မည်​။ 3ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ​မိန့်မှာ​ထား​ပြီ​။ ငါ့​အမျက်​တော်​အတိုင်း​လုပ်ဆောင်​ရန် ငါ​ဂုဏ်ယူဝင့်ကြွား​ရာ​စစ်သူရဲ​များ​ကို ငါ​ဆင့်ခေါ်​ပြီ​။ 4လူအုပ်​ကြီး​မှ​ထွက်​သော​အသံ​ကဲ့သို့ တောင်​ပေါ်မှ ဆူဆူညံညံ​အသံ​၊ တိုင်းနိုင်ငံ​တို့​မှ လူမျိုး​တို့ အတူတကွ​စုဝေး​၍ အုတ်အုတ်ကျက်ကျက်​ဖြစ်​သော​အသံ​ပါတကား​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်ပွဲ​အတွက် စစ်သည်​အလုံးအရင်း​ကို ခင်းကျင်း​တော်မူ​ပြီ​။ 5ထာဝရဘုရား​နှင့် အမျက်​တော်​လက်နက်​သည် မြေ​တစ်ပြင်လုံး​ကို​ဖျက်ဆီး​ရန် ကောင်းကင်​အစွန်း​၊ ဝေးလံ​သော​အရပ်​မှ လာ​ကြ​ပြီ​။ 6ညည်းတွားငိုကြွေး​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ရောက်​လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံမှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​မည်​။ 7ထို့ကြောင့် လူ​တိုင်း လက်​အားယုတ်​လိမ့်မည်​။ လူ​တိုင်း စိတ်ပျက်အားလျော့​လိမ့်မည်​။ 8ထိတ်လန့်​လိမ့်မည်​။ ပြင်းထန်​သော​ဝေဒနာ​၊ မချိတင်ကဲဝေဒနာ​သည် သူ​တို့​ကို ဆုပ်ကိုင်​ထား​လိမ့်မည်​။ သားဖွား​သော​မိန်းမ​ကဲ့သို့ လူးလွန့်​ရ​လိမ့်မည်​။ တစ်ယောက်​ကို​တစ်ယောက် အံ့အားသင့်​လိမ့်မည်​။ သူ​တို့​မျက်နှာ​သည် မီးလျှံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ 9ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ပြင်းထန်​သော​အမျက်​ဒေါသ​ဖြင့် ရက်စက်ကြမ်းတမ်း​စွာ​လာ​နေ​ပြီ​။ ကမ္ဘာမြေကြီး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မြေပြင်​ပေါ်မှ​အပြစ်သား​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​မည်​။ 10ကောင်းကင်​ကြယ်​၊ ကောင်းကင်ကြယ်စု​တို့​သည် အလင်း​ကို​မ​ပေး​။ နေ​ထွက်​ချိန်​၌ မှောင်မည်း​နေ​မည်​။ လ​သည်​လည်း အလင်း​ကို​မ​ပေး​။ 11ဆိုးညစ်​သော​ကမ္ဘာကြီး​၊ ဆိုးယုတ်​သော​ဒုစရိုက်သမား​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ မာနထောင်လွှား​သော​သူ​တို့​၏​မာန​ကို ငါ​ချုပ်ငြိမ်း​စေ​မည်​။ ကြမ်းကြုတ်​သော​သူ​တို့​၏​မာန​ကို ငါ​ချိုး​ပစ်​မည်​။ 12လူ​ကို ရွှေစင်​ထက်​၊ လူသား​ကို ဩဖိရ​ရွှေ​ထက် ငါ​ရှားပါး​စေ​မည်​။ 13ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​သော​နေ့ရက်​၌ မိုးကောင်းကင်​ကို ငါ​လှုပ်ခတ်​စေ​မည်​။ မြေကြီး​သည်​လည်း မိမိ​နေရာ​မှ ရွေ့သွား​လိမ့်မည်​။ 14လူ​အသီးသီး​တို့​သည် အမဲလိုက်​ခံရ​သော​ဒရယ်​ကဲ့သို့​၊ စုစည်းပေး​မည့်​သူ​မ​ရှိ​သော​သိုး​ကဲ့သို့ ဖြစ်​လိမ့်မည်​။ မိမိ​လူမျိုး​ထံ ပြန်လှည့်​၍ မိမိ​ပြည်​သို့ ပြန်ပြေး​လာ​ကြ​လိမ့်မည်​။ 15တွေ့ရှိ​ဖမ်းမိ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​သည် ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ 16သူ​တို့​ကလေးငယ်​များ​သည် သူ​တို့​မျက်စိ​ရှေ့​တွင် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ သူ​တို့​အိမ်​သည် တိုက်ခိုက်လုယက်​ခံရ​၍ သူ​တို့​မယား​သည်​လည်း အဓမ္မပြုကျင့်​ခြင်း​ခံရ​လိမ့်မည်​။ 17ကြည့်ရှု​လော့​။ ငွေ​ကို​ပဓာန​မ​ထား​၊ ရွှေ​ကို​မ​နှစ်သက်​သော မေဒိ​လူမျိုး​တို့​ကို ငါ​လှုံ့ဆော်​မည်​။ 18သူ​တို့​သည် လူငယ်​တို့​ကို လေး​ဖြင့်​ဖြိုခွင်း​ကြ​လိမ့်မည်​။ ရင်သွေးငယ်#13:18 တိုက်ရိုက်ပြန်ဆိုလျှင် “ဝမ်း၏အသီး”။​တို့​ကို မ​သနား​။ ကလေးငယ်​တို့​အပေါ် ညှာတာ​သော​အကြည့်​မ​ရှိ​။ 19တိုင်းနိုင်ငံ​တို့​၏​ဂုဏ်သရေ​၊ ခါလဒဲ​လူမျိုး​တို့​ဂုဏ်ယူ​ဝါကြွား​ရာ​ဖြစ်​သော ဘေဘီလုံ​မြို့​သည် ဘုရားသခင်​ဖြိုဖျက်​ခဲ့​သော သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​ကဲ့သို့​ဖြစ်​လိမ့်မည်​။ 20ထို​မြို့​၌ မျိုးဆက်အဆက်ဆက် ကာလ​အစဉ် မည်သူမျှ​မှီတင်း​နေထိုင်​မည်​မ​ဟုတ်​။ ထို​မြို့​၌ အာရပ်​လူမျိုး​တစ်ယောက်မျှ တဲဆောက်​မည်​မ​ဟုတ်​။ သိုးထိန်း​တစ်ယောက်မျှ သိုး​တို့​ကို​ထိန်းကျောင်း​မည်​မ​ဟုတ်​။ 21ကန္တာရ​သတ္တဝါ​တို့​သည် ထို​မြို့​၌ ကျက်စား​ကြ​လိမ့်မည်​။ သူ​တို့​၏​အိမ်​များ​သည် အူ​တတ်​သော​တိရစ္ဆာန်​များ​နှင့်​ပြည့်​လိမ့်မည်​။ ထို​မြို့​၌ ငှက်ကုလားအုတ်#13:21 သို့မဟုတ် “ဇီးကွက်”။​များ နေ​ကြ​၍ တောဆိတ်​များ ခုန်ပေါက်​ကြ​လိမ့်မည်​။ 22တောခွေး​တို့​သည် ထို​မြို့​၏​ခံတပ်​တို့​၌​လည်းကောင်း​၊ ခွေးအ​တို့​သည် ဇိမ်ခံ​ရာ​နန်းတော်​တို့​၌​လည်းကောင်း အူ​ကြ​လိမ့်မည်​။ ထိုသို့ ထို​မြို့​၏​အချိန်​သည် မကြာမီ​ရောက်လာ​မည်​။ ထို​မြို့​တည်​ရ​မည့်​နေ့ရက် ကြာရှည်​တော့​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ