ဟေရှာယအနာဂတ္တိကျမ်း 13
13
ဘေဘီလုံမြို့နှင့်ဆိုင်သောဗျာဒိတ်တော်
1ဘေဘီလုံမြို့နှင့်ပတ်သက်၍ အာမုတ်၏သား ဟေရှာယမြင်ရသောဗျာဒိတ်တော်။ 2တောင်ကတုံးပေါ်၌ အချက်ပြအလံကိုလွှင့်ထူကြ။ သူတို့ထံ အသံကိုလွှင့်ကြ။ လက်ကိုဝှေ့ယမ်းကြ။ ထိုအခါ မင်းအရာရှိတံခါးတို့မှ သူတို့ဝင်လာမည်။ 3ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။ 4လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။ 5ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။ 6ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။ 7ထို့ကြောင့် လူတိုင်း လက်အားယုတ်လိမ့်မည်။ လူတိုင်း စိတ်ပျက်အားလျော့လိမ့်မည်။ 8ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။ 9ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်သည် ပြင်းထန်သောအမျက်ဒေါသဖြင့် ရက်စက်ကြမ်းတမ်းစွာလာနေပြီ။ ကမ္ဘာမြေကြီးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မြေပြင်ပေါ်မှအပြစ်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ 10ကောင်းကင်ကြယ်၊ ကောင်းကင်ကြယ်စုတို့သည် အလင်းကိုမပေး။ နေထွက်ချိန်၌ မှောင်မည်းနေမည်။ လသည်လည်း အလင်းကိုမပေး။ 11ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။ 12လူကို ရွှေစင်ထက်၊ လူသားကို ဩဖိရရွှေထက် ငါရှားပါးစေမည်။ 13ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။ 14လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။ 15တွေ့ရှိဖမ်းမိခြင်းခံရသောသူအပေါင်းတို့သည် ဓားဖြင့်သတ်ဖြတ်ခြင်းခံကြရလိမ့်မည်။ 16သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။ 17ကြည့်ရှုလော့။ ငွေကိုပဓာနမထား၊ ရွှေကိုမနှစ်သက်သော မေဒိလူမျိုးတို့ကို ငါလှုံ့ဆော်မည်။ 18သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်#13:18 တိုက်ရိုက်ပြန်ဆိုလျှင် “ဝမ်း၏အသီး”။တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။ 19တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။ 20ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။ 21ကန္တာရသတ္တဝါတို့သည် ထိုမြို့၌ ကျက်စားကြလိမ့်မည်။ သူတို့၏အိမ်များသည် အူတတ်သောတိရစ္ဆာန်များနှင့်ပြည့်လိမ့်မည်။ ထိုမြို့၌ ငှက်ကုလားအုတ်#13:21 သို့မဟုတ် “ဇီးကွက်”။များ နေကြ၍ တောဆိတ်များ ခုန်ပေါက်ကြလိမ့်မည်။ 22တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative