ဟေရှာယအနာဂတ္တိကျမ်း 12
12
ချီးမွမ်းသီချင်း
1ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။ 2ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။ 3သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။ 4ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။ 5ထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်သောအမှုကို ပြုတော်မူ၏။ ဤအမှုကို မြေကြီးတစ်ပြင်လုံး သိစေကြလော့။ 6အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative