ဟေရှာယအနာဂတ္တိကျမ်း 11
11
ဒါဝိဒ်အမျိုးအနွယ်စိုးစံခြင်း
1ယေရှဲ၏အငုတ်မှ အတက်ထွက်လာမည်။ သူ၏အမြစ်မှအကိုင်းသည် အသီးသီးလိမ့်မည်။ 2ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။ 3သူသည် ထာဝရဘုရားအား ကြောက်ရွံ့ခြင်း၌ မွေ့လျော်၍ မိမိမျက်စိမြင်သည့်အတိုင်းမစီရင်၊ နားကြားသည့်အတိုင်း မဆုံးဖြတ်။ 4ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။ 5ဖြောင့်မတ်ခြင်းသည် သူ၏ခါးပန်း၊ သစ္စာတရားသည် သူ၏ခါးစည်းဖြစ်လိမ့်မည်။ 6ဝံပုလွေသည် သိုးသငယ်နှင့်အတူနေထိုင်၍ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူလဲလျောင်းလိမ့်မည်။ နွားသငယ်၊ ခြင်္သေ့ပျိုနှင့် ဆူဖြိုးသောတိရစ္ဆာန်တို့သည် အတူနေကြ၍ ကလေးသူငယ်သည် ထိုအကောင်တို့ကို ထိန်းကျောင်းလိမ့်မည်။ 7နွားမနှင့်ဝက်ဝံမသည် အတူတူအစာစားကြ၍ သူတို့၏သားငယ်များသည် အတူတူလဲလျောင်းကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကို စားလိမ့်မည်။ 8နို့စို့ကလေးငယ်သည် မြွေဟောက်တွင်းပေါ်၌ ကစားလိမ့်မည်။ နို့ပြတ်သောကလေးငယ်သည်လည်း မြွေပွေးတွင်းထဲသို့ လက်ကိုထည့်လိမ့်မည်။ 9ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
အစ္စရေးလူမျိုးတို့ပြန်လည်စုစည်းခြင်း
10ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။#ရော 15:12။ 11ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။ 12လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။ 13ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။ 14သူတို့သည် အနောက်အရပ်ရှိဖိလိတ္တိလူမျိုးတို့ကို အနောက်မှတိုက်ခိုက်လိမ့်မည်။ အရှေ့ပြည်သားတို့ကိုလည်း အတူတကွ လုယူလိမ့်မည်။ မိမိတို့လက်ကို ဧဒုံပြည်၊ မောဘပြည်ပေါ်သို့ ရောက်စေလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏လက်အောက်ခံဖြစ်ရလိမ့်မည်။ 15ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့#11:15 တိုက်ရိုက်ပြန်ဆိုလျှင် “အီဂျစ်ပင်လယ်၏လျှာ”။ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီး#11:15 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။မြစ်အပေါ်ကိုလည်း ပြင်းထန်သောလေ#11:15 သို့မဟုတ် “ပြင်းထန်သောထွက်သက်ဝင်သက်”။နှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။ 16အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာသောနေ့၌ သူတို့အတွက် လမ်းမကြီးဖြစ်ခဲ့သကဲ့သို့ အဆီးရီးယားပြည်မှ အသက်ရှင်ကျန်ရစ်သောလူမျိုးတော်အတွက် လမ်းမကြီးဖြစ်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative