ဟေရှာယအနာဂတ္တိကျမ်း 10
10
1-2ဆင်းရဲသောသူတို့၏အမှုကို ရှောင်လွှဲဖို့၊ အဖိနှိပ်ခံရသော ငါ၏လူမျိုးတော်၏အခွင့်အရေးကို ပိတ်ပင်ဖို့၊ မုဆိုးမတို့ကို သားကောင်ဖြစ်စေဖို့၊ မိဘမဲ့တို့၏ဥစ္စာကိုလုယူဖို့ မတရားသောဥပဒေကို ပြဋ္ဌာန်းသောသူနှင့် ကြပ်တည်းသောစည်းမျဉ်းကိုရေးဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။ 3စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။ 4အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အမျက်တော်ကြိမ်လုံးတည်းဟူသော အဆီးရီးယားလူမျိုး
5အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။ 6သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။ 7သို့သော် သူသည် ထိုသို့မကြံရွယ်။ သူ၏စိတ်နှလုံးသည် ထိုသို့မစဉ်းစား။ သူ၏စိတ်နှလုံးထဲ၌ လူမျိုးများစွာတို့ကို ဖျက်ဆီးပယ်ရှားရန် ကြံရွယ်၏။ 8အကြောင်းမူကား သူက “ငါ၏တပ်မှူးအားလုံးသည် ဘုရင်ဖြစ်ကြသည်မဟုတ်လော။ 9ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။ 10ဂျေရုဆလင်မြို့နှင့်ရှမာရိမြို့တို့တွင်ရှိသောရုပ်တုဆင်းတုထက် ရုပ်တုဆင်းတုပေါများသောတိုင်းနိုင်ငံများသည်ပင် ငါ့လက်အောက်သို့ရောက်ခဲ့ရ၏။ 11ရှမာရိမြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုသကဲ့သို့ ဂျေရုဆလင်မြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုမည်မဟုတ်လော”ဟု ဆိုတတ်၏။
အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးခြင်း
12ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော#10:12 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်နှလုံးခက်ထန်သောအသီး”။၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။ 13အကြောင်းမူကား ထိုဘုရင်က “ငါ၌ အသိဉာဏ်ရှိ၏။ ငါ့လက်ရုံးရည်၊ ငါ့ဉာဏ်ပညာဖြင့် ငါပြုပြီ။ လူမျိုးတို့၏နယ်နိမိတ်ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကို တိုက်ခိုက်လုယက်ပြီ။ စိုးစံသောဘုရင်တို့ကို စစ်သူရဲသဖွယ် ငါဖြုတ်ချပြီ။ 14ငှက်သိုက်ကိုရယူနိုင်သကဲ့သို့ ငါ့လက်သည် လူမျိုးတို့၏ဥစ္စာပစ္စည်းကို ရယူနိုင်ပြီ။ စွန့်ပစ်ထားသောငှက်ဥတို့ကို ကောက်သိမ်းသကဲ့သို့ ငါသည် မြေတစ်ပြင်လုံးကို ကောက်သိမ်းပြီ။ တောင်ပံခတ်ခြင်း၊ နှုတ်ဟခြင်း၊ မြည်တွန်ခြင်း မရှိ”ဟု ဆို၏။ 15ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။ 16ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ထိုဘုရင်၏အကြံ့ခိုင်ဆုံးစစ်သည်တို့ထံ ပိန်ချုံးခြင်းရောဂါကို လွှတ်တော်မူမည်။ သူ၏ဘုန်းအသရေတောက်လောင်သွားအောင် အောက်မှရှို့တော်မူမည်။ 17အစ္စရေးလူမျိုး၏အလင်းသည် မီးသဖွယ်ဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် မီးလျှံသဖွယ်ဖြစ်၏။ တစ်နေ့ချင်းတွင် ထိုဘုရင်၏ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းဝါးမျိုလိမ့်မည်။ 18တော၏ဘုန်းအသရေနှင့် သီးနှံဖြစ်ထွန်းသောမြေကို အကာ#10:18 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်ဝိညာဉ်”။မှအနှစ်#10:18 တိုက်ရိုက်ပြန်ဆိုလျှင် “အသား”။တိုင်အောင် ဖျက်ဆီးတော်မူမည်။ ထိုဘုရင်သည် နေမကောင်းသောသူကဲ့သို့ ချုံးကျသွားမည်။ 19ကလေးသူငယ်ပင် စာရင်းမှတ်နိုင်လောက်အောင် တော၌သစ်ပင်အနည်းငယ်သာကြွင်းကျန်လိမ့်မည်။
အစ္စရေးလူမျိုးအကြွင်းအကျန်တို့ ဘုရားသခင်ကိုပြန်လည်ကိုးစားခြင်း
20ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။ 21ယာကုပ်အမျိုး၏အကြွင်းအကျန်တို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင်ထံ ပြန်လာကြလိမ့်မည်။ 22အို အစ္စရေး၊ သင်၏လူမျိုးသည် ပင်လယ်သဲပွင့်နှင့်အမျှများသော်လည်း အကြွင်းအကျန်သာ ပြန်လာကြလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းကို စီရင်တော်မူပြီ။ ဖြောင့်မတ်ခြင်း လွှမ်းမိုးလေပြီ။ 23ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြဋ္ဌာန်းထားသောသုတ်သင်ဖျက်ဆီးခြင်းကို မြေတစ်ပြင်လုံးတွင် စီရင်တော်မူပြီ။#ရော 9:28။ 24ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားက “ဇိအုန်မြို့နေငါ့လူမျိုးတော်တို့၊ အီဂျစ်လူမျိုးပြုသကဲ့သို့ သင့်ကို ကြိမ်လုံးနှင့်ရိုက်နှက်၍ သင့်အပေါ်တုတ်မြှောက်ထားသော အဆီးရီးယားလူမျိုးကိုမကြောက်နှင့်။ 25အကြောင်းမူကား သင်တို့အပေါ် ထားသောငါ့အမျက်သည် မကြာမီပြေလိမ့်မည်။ ငါ၏အမျက်ဒေါသသည် သူတို့ဖက်သို့ရောက်၍ သူတို့ကိုဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။ 26ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။
အဆီးရီးယားလူမျိုးကို ဘုရားသခင်စီရင်တော်မူခြင်း
27ထိုနေ့ရက်၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်မှလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်မှလည်းကောင်း ဖယ်ရှားတော်မူမည်။ ထမ်းပိုးသည်လည်း အဆီကြောင့် ကျိုးသွားလိမ့်မည်။ 28သူသည် အာဣမြို့သို့ရောက်လေပြီ။ မိဂရုန်မြို့ကိုဖြတ်သွားပြီ။ မိတ်မတ်မြို့၌ သူ၏အထုပ်အပိုးများကို ချထားပြီ။ 29သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။ 30အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။ 31မာဒမေနမြို့သည် ထွက်ပြေးပြီ။ ဂေဗိပ်မြို့သားတို့သည် လုံခြုံရာသို့ပြေးပြီ။ 32ယနေ့တွင် နောဗမြို့၌ရပ်နားကြ၏။ ဇိအုန်သမီး၏တောင်ဖြစ်သော ဂျေရုဆလင်တောင်ကုန်းကို လက်သီးထောင်ပြကြ၏။ 33ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အကိုင်းတို့ကို ကြမ်းတမ်းစွာချိုင်တော်မူမည်။ မြင့်သောအပင်တို့ကို ခုတ်ဖြတ်၍ ကြီးမားသောအပင်တို့ကို လှဲချတော်မူမည်။ 34တောအုပ်ကို ပုဆိန်နှင့်ခုတ်ပစ်တော်မူမည်။ လက်ဘနွန်တောင်သည် အားကြီးသောသူကြောင့် ပြိုလဲသွားမည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 10: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative