ဟေရှာယအနာဂတ္တိကျမ်း 9
9
ငြိမ်သက်ခြင်းအရှင်ဖွားမြင်လာမည့်အကြောင်း
1သို့သော် ဒုက္ခဝေဒနာခံစားခဲ့ရသောပြည်၌ အမှောင်ဖုံးတော့မည်မဟုတ်။ ယခင်အချိန်က ဇာဗုလုန်နယ်နှင့် နဿလိနယ်ကို နှိမ့်ချခဲ့သော်လည်း နောင်တွင် ထိုနယ်၏ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့နေရာဂါလိလဲနယ်တို့ကို အသရေတင့်တယ်စေတော်မူမည်။ 2အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။#မ 4:16။ 3ကိုယ်တော်သည် လူမျိုးတော်ကိုတိုးပွားစေ၍ သူတို့ကို အလွန်ဝမ်းမြောက်စေတော်မူပြီ။ သူတို့သည် သီးနှံရိတ်သိမ်းချိန်၌ ဝမ်းမြောက်သကဲ့သို့၊ လုယက်ပစ္စည်းခွဲဝေချိန်၌ ရွှင်လန်းသကဲ့သို့ ကိုယ်တော်၏ရှေ့မှောက်တွင် ဝမ်းမြောက်ကြပါပြီ။ 4အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ။ 5စစ်မြေပြင်၌စီးသောစစ်သည်ဖိနပ်၊ သွေးလူးသောအဝတ်ရှိသမျှတို့သည် လောင်စာဖြစ်ရကြလိမ့်မည်။ 6အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ 7သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
အစ္စရေးလူမျိုးကိုဆန့်ကျင်၍ လက်ကိုဆန့်ခြင်း
8ဘုရားရှင်သည် နှုတ်ကပတ်တော်ကို ယာကုပ်ထံသို့ စေလွှတ်တော်မူမည်။ အစ္စရေးလူမျိုးအပေါ်သို့ သက်ရောက်စေတော်မူမည်။ 9ဧဖရိမ်အမျိုးနှင့် ရှမာရိမြို့၌နေထိုင်သောလူအပေါင်းတို့သည် ကြားသိကြလိမ့်မည်။ သူတို့သည် ခက်ထန်မောက်မာသောစိတ်ဖြင့် 10“အုတ်များပြိုလဲလျှင်လည်း ထုဆစ်ထားသောကျောက်နှင့် ပြန်တည်ဆောက်မည်။ သင်္ဘောသဖန်းပင်များခုတ်လှဲခံရလျှင်လည်း သစ်ကတိုးပင်များနှင့် အစားထိုးမည်”ဟု ဆိုကြ၏။ 11ထို့ကြောင့် ထာဝရဘုရားသည် ရေဇိန်မင်းကြီး၏ရန်ဖက်တို့ကိုချီးမြှောက်တော်မူမည်။ သူ၏ရန်သူတို့ကို လှုံ့ဆော်တော်မူမည်။ 12အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ 13သို့သော် လူမျိုးတော်သည် မိမိအား ဒဏ်ခတ်တော်မူသောအရှင်ထံသို့ ပြန်မလာ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို မရှာ။ 14ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲမှ ဦးခေါင်းနှင့်အမြီးကိုလည်းကောင်း၊ စွန်ပလွံအကိုင်းအခက်နှင့်ကျူပင်ကိုလည်းကောင်း တစ်နေ့တည်းတွင် ခုတ်ပစ်တော်မူမည်။ 15ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။ 16လမ်းပြပေးသောထိုသူတို့သည် လူမျိုးတော်ကိုလမ်းလွဲစေသောသူများပေတည်း။ သူတို့လမ်းပြရာနောက်သို့လိုက်သောသူတို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ 17သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ 18အကယ်စင်စစ် ဆိုးယုတ်မှုသည် မီးကဲ့သို့လောင်ကျွမ်းတတ်၏။ ချုံပင်၊ ဆူးပင်များကိုလောင်မြိုက်လျက်၊ တောအုပ်ကိုစွဲလောင်လျက် အခိုးတလူလူတက်စေတတ်၏။ 19ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမျက်တော်ကြောင့် ပြည်သည် မီးသင့်၍ လူတို့သည် လောင်စာကဲ့သို့ဖြစ်ကြလိမ့်မည်။ မည်သူမျှ မိမိညီအစ်ကိုကို မသနား။ 20လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။ 21မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative