YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 21

21
ဘေဘီလုံမြို့ကိုစီရင်ခြင်း
1ပင်လယ်​နား​ရှိ​တောကန္တာရ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ နေဂေ့​အရပ်​၌​တိုက်ခတ်​သော​လေပွေ​ကဲ့သို့ ဘေး​သည် တောကန္တာရ​၊ ကြောက်မက်​ဖွယ်​ပြည်​မှ​လာ​၏​။ 2“သစ္စာမဲ့​သော​သူ​သည် သစ္စာမဲ့​လျက်​နေ​၏​။ ဖျက်ဆီး​သော​သူ​သည်​လည်း ဖျက်ဆီး​လျက်​နေ​၏​။ ဧလံ​ပြည်သား​တို့​၊ တက်သွား​ကြ​လော့​။ မေဒိ​ပြည်သား​တို့​၊ ဝိုင်း​ထား​ကြ​လော့​။ ညည်းတွား​ခြင်း​ရှိသမျှ​ကို ငါ​အဆုံးသတ်​စေ​မည်”​ဟူသော ကြောက်မက်ဖွယ်​နိမိတ်​ကို ငါ​အား​ဖော်ပြ​တော်မူ​၏​။ 3ထို့ကြောင့် ငါ့​ခါး​သည် အလွန်​နာ​၏​။ ငါ​ခံရ​သော​ဝေဒနာ​သည် သားဖွားမိန်းမ​ခံရ​သော​ဝေဒနာ​ကဲ့သို့ ဖြစ်​၏​။ ငါ​ကြား​ရ​သော​အရာ​ကြောင့် စိတ်ရှုပ်ထွေး​၏​။ မြင်​ရ​သော​အရာ​ကြောင့် ထိတ်လန့်​၏​။ 4ငါ​သည် စိတ်​ချောက်ချား​၍ ကြောက်စိတ်​ကြောင့် တုန်လှုပ်​လျက်​ရှိ​၏​။ ငါ​နှစ်သက်​ခဲ့​သော​ညနေဆည်းဆာ​သည် ငါ့​အတွက် ကြောက်စရာ​ဖြစ်​လေ​၏​။ 5စားပွဲ​ပြင်ဆင်​ကြ​၏​။ ကော်ဇော​ခင်း​ကြ​၏#21:5 သို့မဟုတ် “အစောင့်ချထားကြ၏”။​။ သောက်​စား​ကြ​၏​။ အို မှူးမတ်​တို့​၊ ထ​ကြ​လော့​။ ဒိုင်းလွှား​များ​ကို​ဆီ​လူး​ကြ​လော့​။ 6အကြောင်းမူကား ဘုရားရှင်​က “​သွား​လော့​။ ကင်းစောင့်​ကို​ချ​ထား​လော့​။ သူ​မြင်​သော​အရာ​ကို ပြော​စေ​လော့​။ 7သူ​သည် မြင်း​ကို​အတွဲလိုက်​စီးလာသူ​၊ မြည်း​စီးလာသူ​၊ ကုလားအုတ်​စီးလာသူ​တို့​ကို မြင်​သောအခါ သတိရှိရှိ စောင့်ကြည့်​စေ​လော့​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။ 8ကင်းစောင့်​က “​သခင်​၊ အကျွန်ုပ်​သည် နေ့အချိန်​၌ ကင်းမျှော်စင်​ပေါ်တွင် တစ်နေ့လုံး​ရပ်​နေ​ပါ​၏​။ ညတိုင်း အကျွန်ုပ်​တာဝန်ကျ​ရာ​နေရာ​၌ ရပ်​နေ​ပါ​၏​။ 9ယခု မြင်း​အတွဲလိုက်​စီးလာသူ​ကို တွေ့​ရ​ပါ​၏​”​ဟု ခြင်္သေ့​ကဲ့သို့ ဟစ်ကြော်​လေ​၏​။ ထို့နောက် “​ပြိုလဲ​ပြီ​။ ဘေဘီလုံ​မြို့ ပြိုလဲ​ပြီ​။ သူ​၏​ဘုရား​ရုပ်တုဆင်းတု​ရှိသမျှ​တို့​သည်​လည်း မြေကြီး​ပေါ်သို့ ကျိုးပဲ့ကျ​ကြ​ပြီ​”#ဗျာ 14:8၊ 18:2။​ဟု ဆို​လေ​၏​။ 10အနင်းနယ်​ခံရ​သော တလင်းပြင်​မှ​ငါ့​လူ​တို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ​တော်​မှ ငါ​ကြား​ရ​သည့်​အရာ​ကို သင်​တို့​အား ငါ​ပြောကြား​၏​။
ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်
11ဒုမာ​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ “​အို ကင်းစောင့်​၊ ညအချိန် မည်သို့​ဖြစ်​သနည်း​။ အို ကင်းစောင့်​၊ ညအချိန် မည်သို့​ဖြစ်​သနည်း​”​ဟု စိရ​တောင်​ပေါ်မှ​နေ​၍ ငါ့​ကို​ဟစ်ခေါ်​လေ​၏​။ 12ကင်းစောင့်​က “​နံနက်​ရောက်လာ​ပါ​၏​။ ည​လည်း​ရောက်လာ​ပါ​၏​။ မေးမြန်း​လို​လျှင် မေးမြန်း​ကြ​ပါ​လော့​။ ပြန်လာ​ကြ​လော့​။ ပြန်လာ​ကြ​လော့​”​ဟု ပြန်ပြော​၏​။
အာရေဗျနှင့်ဆိုင်သောဗျာဒိတ်တော်
13အာရေဗျ​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ ဒေဒန်​လူမျိုး​ခရီးသွားသူ​တို့​၊ သင်​တို့​သည် အာရေဗျ​တော​၌ ညအိပ်နား​ကြ​ရ​မည်​။ 14တေမ​ပြည်​၌​နေထိုင်​သော​သူ​တို့​၊ ရေငတ်​သော​သူ​ကို ရေ​ယူလာ​၍​ကြိုဆို​လော့​။ ထွက်ပြေး​လာ​သော​သူ​ကို မုန့်​နှင့်​ဆီးကြို​လော့​။ 15အကယ်စင်စစ် သူ​တို့​သည် ဓားအိမ်​မှ​ဆွဲထုတ်​ထား​သော​ဓား​၊ တင်​ထား​သော​လေး​၊ ပြင်းထန်​သော​စစ်ပွဲ​မှ ထွက်ပြေး​ကြ​၏​။
16ဘုရားရှင်​က ငါ့​အား “​သူရင်းငှား​၏​နှစ်ကာလ​အရ တစ်​နှစ်​အတွင်း​တွင် ကေဒါ​အမျိုး​၏​ဘုန်းအသရေ​အားလုံး ပျောက်ကွယ်​သွား​လိမ့်မည်​။ 17ကေဒါ​အမျိုး လေး​စစ်သည်​တို့​၏​အရေအတွက်​သည်​လည်း အနည်းငယ်​သာ ကြွင်းကျန်​လိမ့်မည်​။ အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ