ဟေရှာယအနာဂတ္တိကျမ်း 33
33
ထာဝရဘုရား အရေးယူဆောင်ရွက်တော်မူခြင်း
1ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။ 2အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်မျှော်ကြပါ၏။ နံနက်အချိန်၌ အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ။ ဆင်းရဲဒုက္ခရောက်သည့်ကာလ၌ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ 3မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။ 4လူတို့သည် သင်တို့၏လုယက်ပစ္စည်းကို ကျိုင်းကောင်အစုအအုံကဲ့သို့ စုပုံထားကြမည်။ ကျိုင်းကောင်များခုန်ပေါက်ပြေးလွှားသကဲ့သို့ ထိုပစ္စည်းတို့အပေါ် ပြေးလွှားကြမည်။ 5ထာဝရဘုရားသည် မြင့်မြတ်တော်မူသည်ဖြစ်၍ မြင့်ရာအရပ်၌ကိန်းဝပ်တော်မူ၏။ ဇိအုန်တောင်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းဖြင့် ပြည့်စေတော်မူ၏။ 6ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။ 7သူရဲကောင်းတို့သည် လမ်းပေါ်၌ အော်ဟစ်ကြ၏။ ငြိမ်းချမ်းရေးစေတမန်တို့သည် ခါးသီးစွာငိုကြွေးကြ၏။ 8လမ်းမပေါ်တွင် လူသူကင်းမဲ့၏။ လမ်းပေါ်တွင် လူသွားလူလာမရှိ။ ပဋိညာဉ်ကို ချိုးဖောက်လေပြီ။ မြို့#33:8 အချို့မူကွဲကျမ်း၌ “သက်သေ”။များကိုပမာဏမပြု။ လူကိုအလေးမထား။ 9တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။ 10ထာဝရဘုရားက “ယခုပင် ငါထမည်။ ငါ့ကိုယ်ငါချီးမြှောက်မည်။ ငါသည် ချီးမြှောက်ခြင်းခံရမည်။ 11သင်တို့သည် ဖွဲကိုကိုယ်ဝန်ဆောင်၍ ကောက်ရိုးကို မွေးမည်။ သင်တို့၏ထွက်သက်လေသည် မီးကဲ့သို့ဖြစ်၍ သင်တို့ကိုဝါးမျိုမည်။ 12လူတို့သည် ထုံးမှုန့်ဖြစ်သည်အထိ လောင်မြိုက်ခြင်းခံရမည်။ ဆူးပင်ကိုခုတ်လှဲ၍ မီးရှို့လိုက်သကဲ့သို့ ဖြစ်မည်။ 13ရပ်ဝေးရှိလူတို့၊ ငါပြုသောအမှုကို ကြားသိကြလော့။ ရပ်နီးရှိလူတို့၊ ငါ့အစွမ်းတန်ခိုးကို သိမှတ်ကြလော့”ဟု မိန့်တော်မူ၏။ 14ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။ 15ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊ 16ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။ 17သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။ 18“စာရေးတော်ကြီး အဘယ်မှာရှိသနည်း၊ အခွန်ကောက်ခံသူ#33:18 တိုက်ရိုက်ပြန်ဆိုလျှင် “ချိန်တွယ်သောသူ”။ အဘယ်မှာရှိသနည်း၊ ပြအိုးရေတွက်သူ အဘယ်မှာရှိသနည်း”ဟု သင့်စိတ်နှလုံးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကို ပြန်တွေးလိမ့်မည်။ 19နားမလည်နိုင်အောင် ထူးဆန်းသောဘာသာစကားပြောဆိုသော၊ နားမလည်နိုင်အောင် မပီမသစကားပြောဆိုသော ရိုင်းစိုင်းသည့်လူမျိုးကို သင်တွေ့ရတော့မည်မဟုတ်။ 20ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။ 21ထိုအရပ်၌ တန်ခိုးကြီးသောထာဝရဘုရားသည် ငါတို့အတွက် မြစ်ကြီး၊ ချောင်းကြီးများ ဖြစ်တော်မူမည်။ ထိုနေရာတွင် တက်ခတ်လှေလည်း မသွားနိုင်၊ သင်္ဘောကြီးလည်း ဖြတ်မကူးနိုင်။ 22အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။ 23သင်၏ကြိုးတို့သည် လျော့၍ ရွက်တိုင်ကို မြဲမြံစွာမဆွဲထားနိုင်၊ ရွက်ကိုလည်း မဖြန့်နိုင်။ ထိုအခါ သင်တိုက်ခိုက်လုယူထားသည့် ဥစ္စာပစ္စည်းများစွာတို့ကို ခွဲဝေယူကြလိမ့်မည်။ ခြေမသန်သူတို့ပင် တိုက်ရာပါပစ္စည်းကို သိမ်းယူနိုင်ကြလိမ့်မည်။ 24မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative