ဟေရှာယအနာဂတ္တိကျမ်း 44
44
ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာ
1ငါ့အစေအပါးယာကုပ်၊ ငါရွေးချယ်သောအစ္စရေး၊ ယခု နားထောင်လော့။ 2သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။ 3အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။ 4သူတို့သည် ချောင်းဘေးရှိ မိုးမခပင်ကဲ့သို့ မြက်ပင်ကြားတွင် ပေါက်ကြလိမ့်မည်။ 5တစ်ယောက်က ‘ငါသည် ထာဝရဘုရားနှင့်ဆိုင်၏’ဟု ဆိုလိမ့်မည်။ တစ်ယောက်ကလည်း မိမိအမည်ကို ယာကုပ်ဟု မှည့်ခေါ်လိမ့်မည်။ တစ်ယောက်ကလည်း ‘ထာဝရဘုရားနှင့်ဆိုင်၏’ဟု မိမိလက်တွင်ရေးထားလျက် အစ္စရေးအမည်ကို ခံယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားမှတစ်ပါး အခြားဘုရားမရှိ
6အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။#ဟေရှာ 41:4၊ 48:12၊ ဗျာ 1:17၊ 2:8၊ 21:6။ 7ရှေးခေတ်လူမျိုးကို ငါတည်စေသည့်ကာလမှစ၍ မည်သူသည် ငါနှင့်တူသနည်း။ ထိုသူ ဖော်ပြပါစေ၊ ပြောပြပါစေ၊ ငါ့ရှေ့၌ အစီအစဉ်တကျချပြပါစေ။ သူတို့သည် ဖြစ်ဆဲနှင့်ဖြစ်လာမည့်အရာများကိုလည်း ကြိုပြောကြပါစေ။ 8မကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။ ရှေးယခင်ကတည်းက သင်တို့ကို ငါပြောကြားခဲ့ပြီ၊ ကြားသိစေခဲ့ပြီမဟုတ်လော။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး အခြားဘုရားရှိသလော။ အခြားကျောက်ဆောင်မရှိ၊ ရှိသည်ကို ငါမသိ။ 9ရုပ်တုဆင်းတုကိုထုလုပ်သောသူအားလုံးတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ သူတို့တပ်မက်သောအရာတို့သည် အကျိုးမရှိ။ သူတို့၏သက်သေတို့သည်လည်း မမြင်တတ်၊ မသိတတ်သောကြောင့် အရှက်ကွဲကြရလိမ့်မည်။ 10မည်သူသည် အကျိုးမပေးနိုင်သောဘုရားရုပ်တုကို ထုလုပ်သနည်း။ မည်သူသည် အကျိုးမပေးနိုင်သောရုပ်တုဆင်းတုကို သွန်းလုပ်သနည်း။ 11သူ၏အပေါင်းအဖော်အားလုံး အရှက်ကွဲရလိမ့်မည်။ လက်မှုပညာသည်တို့သည် လူမျှသာဖြစ်၏။ သူတို့အားလုံး စုရုံး၍ ရပ်နေကြပါစေ။ သူတို့သည် ကြောက်ရွံ့လျက် အတူတကွအရှက်ကွဲရလိမ့်မည်။ 12ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။ 13ပန်းပုသမားသည် သစ်သားကို မျဉ်းကြိုးဖြင့်တိုင်း၍ စူး#44:13 တိုက်ရိုက်ပြန်ဆိုလျှင် “ကညစ်”။နှင့်မှတ်သားတတ်၏။ ဆောက်နှင့်ထွင်းပြီး ကွန်ပါနှင့်မှတ်သားတတ်၏။ တင့်တယ်သောလူ၏ပုံသဏ္ဌာန်ကဲ့သို့ ထုလုပ်ပြီး ဝတ်ကျောင်းထဲတွင် စံပယ်စေ၏။ 14သူသည် မိမိအတွက် သစ်ကတိုးပင်ကို ခုတ်ယူ၏။ ကျောက်ပန်းပင်၊ ဝက်သစ်ချပင်ကို ရွေးယူ၍ တောသစ်ပင်များအလယ်တွင် သန်မာကြီးထွားအောင် စိုက်ပျိုး၏။ ထင်းရှူးပင်ကိုလည်းစိုက်၍ မိုးရေသည် ကြီးထွားစေတတ်၏။ 15လူသည် ထိုအပင်တို့ကို ထင်းအဖြစ်သုံး၏။ တစ်ပိုင်းကိုယူ၍ မီးလှုံ၏။ မီးမွှေး၍လည်း မုန့်ဖုတ်တတ်၏။ ဘုရားရုပ်တုကိုလည်း ပြုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုဆင်းတုထုလုပ်၍ ပျပ်ဝပ်တတ်၏။ 16သစ်တစ်ပိုင်းကို မီးရှို့၏။ ထိုသစ်တစ်ပိုင်းအပေါ်၌ပင် အသားကိုကင်၏။ အသားကင်ကို ဝစွာစား၏။ မီးလှုံ၍ ‘အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီ’ဟု ဆိုတတ်၏။ 17သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။ 18သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။ 19‘ငါသည် သစ်တစ်ပိုင်းကိုမီးရှို့၍ မီးခဲပေါ်တွင် မုန့်ဖုတ်လေပြီ။ အသားကိုလည်း ကင်၍ စားလေပြီ။ ကျန်တစ်ပိုင်းကို စက်ဆုပ်ရွံရှာဖွယ်သောအရာဖြစ်စေရမည်လော။ သစ်တုံးရှေ့တွင် ငါပျပ်ဝပ်ရမည်လော’ဟု ဆိုနိုင်လောက်အောင် မည်သူမျှ မဆင်ခြင်၊ မည်သူမျှ အသိတရားမရှိ၊ ဉာဏ်မရှိ။ 20သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။ 21အို ယာကုပ်အမျိုး၊ ဤအရာတို့ကို သတိရလော့။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါပုံဖော်ဖန်ဆင်းသည်ဖြစ်၍ သင်သည် ငါ၏အစေအပါးဖြစ်၏။ အို အစ္စရေးလူမျိုး၊ သင့်ကို ငါမေ့လျော့မည်မဟုတ်။ 22သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။ 23အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ကုရုမင်းကြီးအားဖြင့် အစ္စရေးပြည်ကိုပြန်လည်ထူထောင်ခြင်း
24သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။ 25ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။ 26ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။ 27ငါသည် သမုဒ္ဒရာကို ‘ခန်းခြောက်လော့။ သင်၏မြစ်တို့ကိုလည်း ငါခြောက်သွေ့စေမည်’ဟု မိန့်ဆို၏။ 28ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 44: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative