ဟေရှာယအနာဂတ္တိကျမ်း 48
48
အစ္စရေးလူမျိုးတို့ ဘေဘီလုံမြို့မှထွက်လာခြင်း
1အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊ 2မိမိကိုယ်မိမိ သန့်ရှင်းသောမြို့သားဟု ခံယူသောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု အမည်ရှိသော အစ္စရေးလူမျိုး၏ဘုရားသခင်ကို အမှီပြုသောသူတို့ ဖြစ်ကြ၏။ 3ထာဝရဘုရားက “ယခင်ဖြစ်ပျက်ခဲ့သောအရာတို့ကို ရှေးမဆွကပင် ငါပြောကြားခဲ့ပြီ။ ငါ့နှုတ်မှထွက်ဆိုခဲ့ပြီ။ ငါကြားသိစေခဲ့ပြီ။ ငါချက်ချင်းလုပ်ဆောင်၍ ထိုအရာတို့ ဖြစ်လာခဲ့ပြီ။ 4သင်၏လည်ပင်းသည် သံချောင်းကဲ့သို့၊ သင်၏နဖူးသည် ကြေးဝါကဲ့သို့ဖြစ်၍ သင်သည် ခေါင်းမာသောသူဖြစ်ကြောင်း ငါသိသောကြောင့် 5‘ငါ၏ရုပ်တုသည် ထိုအရာတို့ကိုပြုခဲ့၏။ ငါ၏သစ်သားရုပ်တု၊ ကြေးရုပ်တုတို့သည် ထိုအရာတို့ကို အမိန့်ပေးခဲ့ကြ၏’ဟု သင်မပြောနိုင်အောင် ရှေးမဆွကပင် သင့်ကို ငါပြောခဲ့၏။ မဖြစ်လာမီကပင် သင့်ကို ကြားသိစေခဲ့၏။ 6သင်ကြားခဲ့ရ မြင်ခဲ့ရသောဤအမှုအရာအားလုံးကို သင်ပြန်မပြောဘဲနေမည်လော။ အသစ်သောအရာများ၊ သင်မသိသေးသော ဝှက်ထားသောအရာများကို ယခုမှစ၍ သင့်အားငါပြောကြားမည်။ 7ထိုအရာတို့သည် ရှေးယခင်ကမဟုတ် ယခုပင် ဖန်ဆင်းခြင်းခံရ၏။ ယနေ့ထိ သင်မကြားဖူးသေး။ ထို့ကြောင့် ‘ကြည့်ရှုလော့။ ထိုအရာတို့ကို ငါသိနှင့်ပြီ’ဟု သင်ပြော၍မရ။ 8သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။ 9ငါ့နာမကိုထောက်၍ ငါ့အမျက်ကို ရွှေ့ဆိုင်းမည်။ သင့်ကို ငါမဖျက်ဆီးမိစေရန် ငါ့ဂုဏ်သရေကိုထောက်၍ ငါ့အမျက်ကို ငါထိန်းချုပ်မည်။ 10ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။ 11ငါ့အတွက်၊ ငါ့အတွက်သာလျှင် ငါပြု၏။ ငါ့နာမသည်#48:11 ဟီဘရူးမူရင်းကျမ်း၌ “ငါ့နာမသည်”မပါ။ မည်သည့်အတွက်ကြောင့် အရှုတ်ချခံမည်နည်း။ ငါ၏ဘုန်းအသရေကို အခြားသူအား ငါမပေး။ 12အို ယာကုပ်အမျိုး၊ ငါခေါ်ယူတော်မူသော အစ္စရေးလူမျိုး၊ ငါ့စကားကို နားထောင်လော့။ ငါသည် ထိုအရှင်ဖြစ်၏။ ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။#ဟေရှာ 41:4၊ 44:6၊ ဗျာ 1:17၊ 2:8၊ 21:6။ 13အကယ်စင်စစ် ငါ့လက်ဖြင့် မြေကြီးကိုတည်၏။ ငါ့လက်ယာလက်ဖြင့် မိုးကောင်းကင်ကို ကြက်၏။ ၎င်းတို့ကို ငါမိန့်တော်မူလျှင် အတူတကွပေါ်လာကြ၏။ 14သင်တို့အားလုံး စုရုံး၍ နားထောင်ကြလော့။ သူတို့တွင် မည်သူသည် ဤအမှုတို့ကို ပြန်ပြောခဲ့သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ကိုယ်တော်၏အလိုတော်အတိုင်း ဘေဘီလုံမြို့ကိုပြုမည်။ သူ၏လက်သည် ခါလဒဲလူမျိုးကို ဆန့်ကျင်မည်။ 15ငါကိုယ်တော်တိုင် မိန့်မြွက်ပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ သူ့ကို ငါဆောင်ခဲ့ပြီ။ သူသွားရာလမ်းသည် အောင်မြင်လိမ့်မည်။ 16ငါ့ထံသို့ချဉ်းကပ်၍ ဤစကားကိုနားထောင်ကြလော့။ အစအဦးကပင် ငါသည် လျှို့ဝှက်စွာမမြွက်ဆို။ ထိုအမှုဖြစ်လာသောအချိန်၌ ထိုနေရာတွင် ငါရှိ၏”ဟု မိန့်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် မိမိ၏ဝိညာဉ်တော်နှင့်အတူ ယခု ငါ့ကိုစေလွှတ်တော်မူ၏။ 17အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ 18သင်သည် ငါ၏ပညတ်ချက်တို့ကို အာရုံစိုက်နားထောင်ခဲ့လျှင် သင်၏ကောင်းကျိုးချမ်းသာသည် မြစ်ရေကဲ့သို့ဖြစ်မည်။ သင်၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့ဖြစ်မည်။ 19သင်၏အမျိုးအနွယ်သည် သဲပွင့်ကဲ့သို့ များပြားမည်။ သင်၏သားမြေးတို့သည် သဲလုံးကဲ့သို့ များပြားမည်။ သူတို့၏အမည်သည် ငါ့ရှေ့မှောက်မှ ပယ်ဖျက်ခြင်းခံရမည်မဟုတ်။ ဖျောက်ဖျက်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။ 20ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။ 21သူတို့ကို တောကန္တာရထဲတွင် ပို့ဆောင်တော်မူစဉ် သူတို့သည် ရေမငတ်ရကြ။ ကိုယ်တော်သည် သူတို့အဖို့ ကျောက်ဆောင်ထဲမှ ရေစီးဆင်းစေတော်မူ၏။ ကျောက်ဆောင်ကိုခွဲတော်မူသဖြင့် ရေစီးထွက်လေ၏။ 22ထာဝရဘုရားက “ဆိုးယုတ်သောသူတို့၌ ငြိမ်သက်ခြင်းမရှိ”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 48: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative