ရှင်ယာကုပ်ဩဝါဒစာ 5
5
ချမ်းသာသောသူတို့အတွက် သတိပေးချက်
1ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။ 2သင်တို့၏စည်းစိမ်သည် ဆွေးမြည့်၍ သင်တို့၏အဝတ်များကို ပိုးကိုက်စားလေပြီ။ 3သင်တို့၏ရွှေငွေများသည် အချေးတက်လျက်ရှိပြီ။ ထိုအချေးသည်လည်း သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို မီးကဲ့သို့ လှိုက်စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ဥစ္စာများကိုသိုမှီးထားကြသည်တကား။ 4ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။ 5သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။ 6သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။
သခင်ဘုရားကိုစောင့်မျှော်ခြင်း
7သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။ 8သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေကြလော့။ အကြောင်းမူကား သခင်ဘုရား၏ကြွလာတော်မူခြင်းသည် နီးကပ်လာပြီဖြစ်၏။ 9ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။
10ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။ 11သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်း#ဆာ 103:8။ကိုလည်း သင်တို့တွေ့မြင်ရကြ၏။
သမ္မာတရားနှင့်ညီသောအပြောအဆို
12ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။
ထိရောက်မှုရှိသောဆုတောင်းခြင်း
13သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။#ဆာ 50:15။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။ 14သင်တို့တွင် နာမကျန်းဖြစ်သူရှိလျှင် သူသည် အသင်းတော်အကြီးအကဲများကိုဖိတ်ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီလိမ်း၍ သူ့အတွက်ဆုတောင်းပေးကြစေ။ 15ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ 16သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
17ဧလိယသည် ငါတို့နည်းတူ သာမန်လူသားတစ်ဦးဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မြေပေါ်၌မိုးမရွာဘဲနေ၏။ 18ထို့နောက် သူသည် နောက်တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်မှမိုးရွာသွန်း၍ မြေသည် အသီးအနှံများကိုဖြစ်ထွန်းစေ၏။
19ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ တစ်စုံတစ်ဦးက သူ့ကို ပြန်လည်ခေါ်ဆောင်လာလျှင် 20အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။
လက်ရှိရွေးချယ်ထားမှု
ရှင်ယာကုပ်ဩဝါဒစာ 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative