ယေရမိအနာဂတ္တိကျမ်း 12
12
ယေရမိ စောဒကတက်ခြင်း
1အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။ 2ကိုယ်တော်သည် သူတို့ကို စိုက်ပျိုးတော်မူသဖြင့် သူတို့သည် အမြစ်စွဲ၍ကြီးထွားလျက် အသီးသီးကြပါ၏။ သို့သော် သူတို့သည် ကိုယ်တော့်ကို နှုတ်ဖြင့်သာ ချဉ်းကပ်၏။ သူတို့၏အတွင်းသဘောမူကား ကိုယ်တော်နှင့် ဝေးကွာလျက်နေ၏။ 3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူပါ၏။ အကျွန်ုပ်စိတ်နှလုံးထဲ၌ ကိုယ်တော်ရှိသည်၊ မရှိသည်ကို စစ်ဆေးတော်မူပါ၏။ သူတို့ကိုမူကား အသတ်ခံရမည့်သိုးကဲ့သို့ ဆွဲထုတ်တော်မူပါ။ သတ်ရာနေ့အဖို့ သီးခြားထားတော်မူပါ။ 4တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
ဘုရားသခင်၏တုံ့ပြန်မှု
5သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။ 6သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။ 7ငါ့အိမ်ကို ငါစွန့်ပစ်ပြီ။ ငါ့အမွေကိုလည်း ငါပစ်ထားပြီ။ ငါ့အသက်တမျှချစ်ရသောသူကို ရန်သူလက်သို့ ငါအပ်လိုက်ပြီ။ 8ငါ့အမွေသည် တော၌ရှိသောခြင်္သေ့ကဲ့သို့ဖြစ်၍ ငါ့ကို ဟိန်းဟောက်သောကြောင့် ငါမုန်း၏။ 9ငါ့အမွေသည် အရောင်အသွေးစုံသောသိမ်းငှက်နှင့်တူ၏။ အခြားသိမ်းငှက်တို့သည် ငါ့အမွေကို ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ တောရိုင်းတိရစ္ဆာန်အပေါင်းတို့၊ စုဝေး၍လာကြ။ ဝါးမျိုရန်လာကြ။ 10သိုးထိန်းအမြောက်အမြားတို့သည် ငါ့စပျစ်ခြံကို ဖျက်ဆီးကြပြီ။ ငါ့လယ်ကွင်းကို နင်းချေကြပြီ။ ငါတန်ဖိုးထားသောလယ်မြေကို လူသူကင်းမဲ့ရာတောကန္တာရကဲ့သို့ ဖြစ်စေကြပြီ။ 11သူတို့သည် ငါ့လယ်မြေကို လူသူကင်းမဲ့ရာဖြစ်စေပြီ။ လူသူကင်းမဲ့သောလယ်မြေသည် ငါ့အား ငိုကြွေးမြည်တမ်းပြပြီ။ မည်သူမျှအလေးမထားကြသောကြောင့် ပြည်တစ်ပြည်လုံးပျက်စီးသွားလေပြီ။ 12အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။ 13သူတို့သည် ဂျုံစေ့ကိုကြဲသော်လည်း ဆူးပင်များကိုသာ ရိတ်သိမ်းရ၏။ ပင်ပန်းစွာကြိုးစားကြသော်လည်း အကျိုးမခံစားရကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကြောင့် သူတို့သည် အရှက်ကွဲခြင်းသီးနှံကို ရိတ်သိမ်းရလိမ့်မည်။
14ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။ 15ငါသည် သူတို့ကို ထုတ်ပစ်ပြီးမှ ပြန်၍သနားစုံမက်ဦးမည်။ သူတို့ကို သူတို့ပိုင်သောအမွေမြေအသီးသီး၊ သူတို့ပြည်အသီးသီးသို့ ပြန်ခေါ်လာမည်”ဟု မိန့်တော်မူ၏။ 16ထာဝရဘုရားက “ဗာလဘုရားကို တိုင်တည်ကျိန်ဆိုရန် ငါ့လူမျိုးကို သူတို့သင်ကြားပေးသကဲ့သို့ ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ငါ့နာမကိုတိုင်တည်ကျိန်ဆို၍ ငါ့လူမျိုး၏နည်းလမ်းကို သူတို့ကြိုးစားသင်ယူမည်ဆိုလျှင် သူတို့ကို ငါ့လူမျိုးထဲတွင် တည်နေခွင့်ပြုမည်။ 17သူတို့နားမထောင်လျှင် ထိုလူမျိုးကို ငါရှင်းရှင်းထုတ်ပစ်ဖျက်ဆီးလိုက်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative