ယေရမိအနာဂတ္တိကျမ်း 20
20
ယေရမိကို ပါရှုရရိုက်နှက်ခြင်း
1ယေရမိ ပရောဖက်ပြုဟောပြောသောအကြောင်းအရာတို့ကို ဣမေရ၏သား၊ ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်အုပ်ချုပ်သူ ယဇ်ပုရောဟိတ်ပါရှုရကြားလျှင် 2ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။ 3နောက်တစ်နေ့တွင် ပါရှုရသည် ယေရမိကိုထိတ်ခတ်ထားရာမှ လွှတ်ပေးသောအခါ ယေရမိက ပါရှုရအား “ထာဝရဘုရားသည် သင်၏အမည်ကို ပါရှုရ ဟု မခေါ်၊ မာဂေါမိဿဘိတ်#20:3 “ကြောက်လန့်စရာများပတ်ပတ်လည်တွင်ရှိ၏”ဟူသောအဓိပ္ပယ်ရှိ၏။ ဟု မှည့်ခေါ်လေပြီ။ 4အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။ 5ငါသည် ဤမြို့၏စည်းစိမ်ဥစ္စာ၊ ချွေးနှဲစာ၊ အဖိုးတန်ရတနာရှိသမျှတို့ကိုလည်းကောင်း၊ ယုဒဘုရင်တို့၏ဥစ္စာဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း ရန်သူ့လက်သို့ အပ်မည်။ ရန်သူတို့သည် သူတို့ကို လုယူတိုက်ခိုက်၍ ဘေဘီလုံမြို့သို့ ယူဆောင်သွားလိမ့်မည်။ 6အို ပါရှုရ၊ သင်နှင့် သင်၏အိမ်သူအိမ်သားအားလုံး ဖမ်းခေါ်သွားခြင်းခံရမည်။ သင်နှင့် သင်မုသားသုံး၍ပရောဖက်ပြုသည်ကို နာယူခဲ့သော သင့်အပေါင်းအဖော်တို့သည် ဘေဘီလုံမြို့သို့ရောက်သွား၍ ထိုအရပ်၌သေဆုံးကြလိမ့်မည်။ ထိုအရပ်၌ သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ယေရမိအား အတင်းအကျပ်ဟောပြောစေခြင်း
7အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။ 8အကျွန်ုပ်ဟောပြောလေရာရာ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းအကြောင်းများကိုသာ အော်ဟစ်ကြွေးကြော်ရပါ၏။ အကြောင်းမူကား ထာဝရဘုရား၏စကားတော်သည် အကျွန်ုပ်၌ နေ့စဉ် ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်စေပါ၏။ 9ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။ 10အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။ 11သို့သော် ထာဝရဘုရားသည် အားကြီးသောစစ်သူရဲအဖြစ် ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အနိုင်မရဘဲ လဲကျကြလိမ့်မည်။ မအောင်မြင်ဘဲ အရှက်ကွဲအကျိုးနည်း ဖြစ်ကြလိမ့်မည်။ မမေ့ပျောက်နိုင်အောင် အစဉ်အသရေပျက်ကြလိမ့်မည်။ 12စိတ်နှလုံးအတွင်းသဘော#20:12 တိုက်ရိုက်ပြန်ဆိုလျှင် “ကျောက်ကပ်တို့”။ကိုမြင်၍ ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူသော အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော်လက်သို့ အပ်ပါပြီ။ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်တွေ့မြင်ပါရစေ။ 13ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသူ၏အသက်ကို ဆိုးညစ်သူလက်မှ ကယ်နုတ်တော်မူ၏။
ယေရမိညည်းတွားခြင်း
14ငါမွေးသောနေ့သည် ကျိန်ခြင်းခံရပါစေ။ ငါ့ကို ငါ့မိခင်မွေးသောနေ့သည် မင်္ဂလာမရှိပါစေနှင့်။ 15ငါ့ဖခင်ဝမ်းသာရအောင် “သင်သည် သားယောက်ျားကို ရပါပြီ”ဟု သူ့ထံသတင်းယူဆောင်လာသောသူသည် ကျိန်ခြင်းခံရပါစေ။ 16ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။ 17ငါ့ကို အမိဝမ်းထဲကပင် သတ်ခဲ့သင့်၏။ သို့ပြုလျှင် မိခင်၏ဝမ်းသည် ငါ၏သင်္ချိုင်း၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင်ရာနေရာ ဖြစ်လိမ့်မည်။ 18ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative