ယေရမိအနာဂတ္တိကျမ်း 22
22
အပြစ်ပြုသောဘုရင်တို့ တရားစီရင်ခံရခြင်း
1ထာဝရဘုရားက “ယုဒဘုရင်၏နန်းတော်သို့ဆင်းသွားလော့။ ထိုအရပ်၌ ဤစကားကို သင်ပြောကြားရမည်။ 2‘ဤမြို့တံခါးကိုဖြတ်သန်းသွားလာသော ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသည့် ယုဒဘုရင်မှစ၍ အစေအပါးများ၊ ပြည်သူပြည်သားများတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ 3ထာဝရဘုရားက တရားမျှတစွာ၊ ဖြောင့်မတ်စွာပြုကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သူ၏လက်မှကယ်နုတ်လော့။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ကို နိုင်ထက်စီးနင်းမပြုနှင့်။ အကြမ်းမဖက်နှင့်။ ဤအရပ်၌ အပြစ်မဲ့သောသူကို မသတ်နှင့်။ 4ဤစကားအတိုင်း သင်တို့အမှန်တကယ်လိုက်နာလျှင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံသောရှင်ဘုရင်တို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အမှုထမ်းများ၊ ပြည်သူပြည်သားများပါလျက် ဤနန်းတော်တံခါးကို ဖြတ်သန်းသွားလာရလိမ့်မည်။ 5ဤစကားအတိုင်း သင်တို့မလိုက်နာလျှင် ဤနန်းတော်ကို ပြိုပျက်ရာအရပ်ဖြစ်စေမည်ဟု ငါထာဝရဘုရားသည် ကိုယ့်ကိုယ်ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟုမိန့်တော်မူပြီ’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။ 6ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။ 7လက်နက်ကိုယ်စီပါသော အဖျက်သမားများကို သင့်ထံသို့ ငါစေလွှတ်မည်။ သူတို့သည် သင်တို့၏အကောင်းဆုံးသစ်ကတိုးပင်များကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချကြလိမ့်မည်။ 8ဤမြို့နားဖြတ်သွားသောလူအများတို့က ‘ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း’ဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြလိမ့်မည်။ 9‘သူတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ဖွဲ့ခဲ့သောပဋိညာဉ်ကို စွန့်ပယ်၍ အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှလ္လုံနှင့်ဆိုင်သောမိန့်ဆိုချက်
10သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။ 11ခမည်းတော်ယောရှိမင်းကြီး၏အရိုက်အရာကို ဆက်ခံသော ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ရှလ္လုံမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူသည် ဤပြည်မှထွက်သွား၍ နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ 12ရန်သူဖမ်းခေါ်သွားရာအရပ်၌ပင် သေရမည်။ ဤပြည်ကို မြင်ရတော့မည်မဟုတ်။
ယောယကိမ်နှင့်ဆိုင်သောမိန့်ဆိုချက်
13မသမာသောနည်းဖြင့် မိမိနန်းတော်ကို တည်ဆောက်သောသူ၊ မတရားသောနည်းဖြင့် ဘုံဗိမာန်များကို တည်ဆောက်သောသူ၊ အမျိုးသားချင်းတို့ကို ခိုင်းစေပြီး လုပ်အားခမပေးသောသူ၊ 14‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ 15ထာဝရဘုရားက “သစ်ကတိုးနန်းတော်တွင်စံမြန်းရသောကြောင့် သင်ဘုရင်ဖြစ်သည်ဟု သင်ထင်သလော။ သင်၏ဖခင်လည်း စားသောက်ခဲ့ရသည်မဟုတ်လော။ သူသည် တရားမျှတသောသူ၊ ဖြောင့်မတ်သောသူဖြစ်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ 16ဆင်းရဲနွမ်းပါးသူတို့၏အမှုကို တရားသဖြင့်စီရင်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ ဤသည်ကား ငါ့ကိုသိကျွမ်းခြင်းကြောင့်ပင်မဟုတ်လော”ဟု မိန့်တော်မူ၏။ 17သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
18ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ 19မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။ 20လက်ဘနွန်တောင်ပေါ်သို့တက်သွား၍ အော်ဟစ်လော့။ ဗာရှန်ပြည်၌ သင့်အသံကိုလွှင့်လော့။ အာဗရိမ်အရပ်မှ အော်ဟစ်လော့။ သင်ချစ်သောသူအားလုံး ပျက်စီးကုန်ပြီ။ 21သင်ကောင်းစားစဉ်အခါက သင့်အား ငါသတိပေးသော်လည်း သင်က ‘ငါနားမထောင်’ဟု ပြန်ပြော၏။ ငယ်စဉ်ကပင် ငါ့စကားကိုနားမထောင်ဘဲနေသည်မှာ သင်၏အကျင့်ဖြစ်၏။ 22သင်၏သိုးထိန်းအားလုံးတို့သည် လေတိုက်ရာသို့ လွင့်ပါသွားရမည်။ သင်ချစ်သောသူတို့သည် ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။ သင်၏မကောင်းမှုအလုံးစုံကြောင့် အရှက်ကွဲရလိမ့်မည်။ အသရေပျက်ရလိမ့်မည်။ 23သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
ခေါနိနှင့်ဆိုင်သောမိန့်ဆိုချက်
24ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။ 25သင့်အသက်ကိုရန်ရှာသောသူ၊ သင်ကြောက်သောသူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာနှင့် ခါလဒဲတပ်၏လက်သို့ သင့်ကို ငါအပ်မည်။ 26ငါသည် သင်နှင့် သင့်မွေးသမိခင်ကို သင်တို့မွေးဖွားရာအရပ်မဟုတ်သောအခြားပြည်သို့ နှင်ထုတ်လိုက်မည်။ ထိုပြည်၌ပင် သင်တို့သေရလိမ့်မည်။ 27သူတို့ပြည်သို့ပြန်လာလိုသော်လည်း ပြန်လာရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ 28“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။ 29အို မြေကြီး မြေကြီး မြေကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ 30‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative