ယေရမိအနာဂတ္တိကျမ်း 25
25
သုံ့ပန်းဘဝ အနှစ်ခုနစ်ဆယ်
1ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံလေးနှစ်၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနန်းစံ ပထမနှစ်တွင် ယုဒပြည်သူပြည်သားအားလုံးနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။ 2ပရောဖက်ယေရမိက ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားအပေါင်းတို့အား 3“အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။ 4ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။ 5သူတို့က ‘သင်တို့၏အကျင့်ဆိုး၊ စရိုက်ဆိုးများကိုစွန့်၍ ပြန်လာကြလော့။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရားပေးတော်မူသောပြည်တွင် ကာလအစဉ်အဆက်နေထိုင်ကြလော့။ 6အခြားဘုရားများနောက်သို့လိုက်၍ မပျပ်ဝပ် မကိုးကွယ်ကြနှင့်။ သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို မနှိုးဆော်ကြနှင့်။ သို့ပြုလျှင် သင်တို့ကို ငါဒဏ်ခတ်မည်မဟုတ်’ဟု ဆင့်ဆိုခဲ့ကြသော်လည်း
7‘သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့ဒုက္ခရောက်အောင် သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု ထာဝရဘုရားမိန့်တော်မူ၏။
8ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤသို့ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့် 9ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။ 10ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။ 11တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။ 12အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။ 13ထာဝရဘုရားက ‘ဤလူမျိုးတို့နှင့်ပတ်သက်၍ ယေရမိပရောဖက်ပြုဟောပြောခဲ့သော၊ ကျမ်းစာ၌ရေးထားသမျှသောစကားများတည်းဟူသော ဤပြည်ကိုရည်ဆောင်၍ ငါပြောခဲ့သောစကားကို ဤပြည်အပေါ် ကျရောက်စေမည်။ 14လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ဘုရားသခင်၏အမျက်တော်ခွက်ဖလား
15အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။ 16သူတို့သောက်သောအခါ သူတို့တွင် ငါစေလွှတ်သောဓားကြောင့် သူတို့သည် မူးရူးသွားကြလိမ့်မည်”ဟု ငါ့အားမိန့်တော်မူ၏။
17ထိုအခါ ငါသည် ထာဝရဘုရား၏လက်တော်မှခွက်ကိုယူ၍ ငါ့ကို ထာဝရဘုရားစေလွှတ်တော်မူသောအရပ်ရှိ လူမျိုးအားလုံးကို သောက်စေ၏။ 18ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများသည် ယနေ့ကဲ့သို့ပင် ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ ကျိန်ဆဲစရာဖြစ်စေရန် သူတို့ကို သောက်စေ၏။ 19ထို့နောက်မှ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ အကြီးအကဲများ၊ သူ့လူမျိုးများ၊ 20အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊ 21ဧဒုံပြည်သားများ၊ မောဘပြည်သားများ၊ အမ္မုန်ပြည်သားများ၊ 22တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊ 23ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး 24အာရေဗျဘုရင်အားလုံး၊ တောကန္တာရ၌နေထိုင်သော လူမျိုးခြားတို့၏ဘုရင်အားလုံး 25ဇိမရိဘုရင်အားလုံး၊ ဧလံဘုရင်အားလုံး၊ မေဒိဘုရင်အားလုံး 26မြောက်ဘက်အရပ်ရှိ ရပ်နီး၊ ရပ်ဝေးဘုရင်အားလုံးကို တစ်ပါးပြီးတစ်ပါး သောက်စေ၏။ ကမ္ဘာမြေပြင်ပေါ်ရှိ ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကိုလည်း သောက်စေ၏။ နောက်ဆုံး ရှေရှက်ဘုရင်လည်း သောက်ရ၏။
27ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။ 28သူတို့သည် သင့်လက်ထဲမှ ခွက်ကိုယူ၍ မသောက်လိုလျှင် သင်က သူတို့အား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သောက်ရမည်။ 29ကြည့်ရှုလော့။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သောမြို့ကိုပင် ဘေးဒုက္ခ စရောက်စေမည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ ငါသည် မြေကြီးသားအပေါင်းတို့ထံ ဓားကို စေလွှတ်မည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်မခံရဘဲနေမည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
မြေတစ်ပြင်လုံးကို တရားစီရင်ခြင်း
30သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။ 31ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။ 32ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေးအန္တရာယ်သည် လူမျိုးတစ်မျိုးမှတစ်မျိုးသို့ ရောက်သွားမည်။ ပြင်းထန်သောမုန်တိုင်းသည် မြေကြီးစွန်းမှ တိုက်ခတ်လာမည်။
33ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။ 34အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။ 35သိုးထိန်းတို့ ထွက်ပြေးစရာလမ်းမရှိ။ သိုးစုခေါင်းဆောင်တို့ လွတ်မြောက်ရာလမ်းမရှိ။ 36သိုးထိန်းတို့၏အော်ဟစ်ငိုကြွေးသံ၊ သိုးစုခေါင်းဆောင်တို့၏မြည်တမ်းသံကို ကြားရ၏။ ထာဝရဘုရားသည် သူတို့၏စားကျက်ကို ဖျက်ဆီးတော်မူပြီ။ 37ငြိမ်းချမ်းသာယာသောနေထိုင်ရာအရပ်တို့သည် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် ပျက်စီးလေပြီ။ 38ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 25: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative