YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 43

43
ယေရမိပေးသောအကြံကို ငြင်းပယ်ခြင်း
1သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ယေရမိ​ကို​စေလွှတ်​၍​ဆင့်ဆို​စေ​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​အလုံးစုံ​ကို လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​ပြီး​သောအခါ 2ဟောရှာယ​၏​သား​အာဇရိ​၊ ကာရာ​၏​သား​ယောဟနန်​မှစ၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​က ယေရမိ​အား “​သင်​သည် မုသားစကား​ကို ပြော​ပြီ​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ‘​အီဂျစ်​ပြည်​သို့ မ​သွားရောက်​၊ မ​နေထိုင်​ရ​’​ဟု သင့်​ကို ဆင့်ဆို​စေ​သည်​မ​ဟုတ်​။ 3ငါ​တို့​ကို ခါလဒဲ​လူမျိုး​တို့​လက်​သို့​အပ်နှံ​၍ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ရန်​၊ သို့မဟုတ် သတ်ပစ်​ရန် သင့်​ကို နေရိ​၏​သား​ဗာရုတ်​က နှိုးဆော်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။ 4ဤသို့ဖြင့် ကာရာ​၏​သား​ယောဟနန်​နှင့်တကွ စစ်သည်​အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​သည် ယုဒ​ပြည်​၌ နေထိုင်​ရ​မည်​ဟူသော ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​ကြ​။ 5ထို့ပြင် ယုဒ​ပြည်​၌​နေထိုင်​ရန် နှင်ထုတ်​ခံရ​ရာ​အတိုင်းတိုင်း​အပြည်ပြည်​မှ​ပြန်လာ​ကြ​သော ယုဒ​အမျိုး​အကြွင်းအကျန်​တို့​ကို ကာရာ​၏​သား​ယောဟနန်​နှင့် စစ်သည်​အကြီးအကဲ​တို့​သည် ခေါ်ဆောင်​သွား​ကြ​၏​။ 6ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။ 7ဤသို့ဖြင့် သူ​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို​မ​နာခံ​ဘဲ အီဂျစ်​ပြည်​သို့​ထွက်သွား​၍ တာပနက်​မြို့​တိုင်အောင် ရောက်သွား​ကြ​၏​။
အီဂျစ်ပြည်ရှိယုဒလူတို့အား ဘုရားသခင်ပေးသောအမှတ်လက္ခဏာ
8တာပနက်​မြို့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍ 9“ယုဒ​အမျိုးသား​တို့​မျက်စိ​ရှေ့​တွင် ကျောက်တုံး​ကြီး​တို့​ကို​ယူ​၍ တာပနက်​မြို့​ရှိ ဖာရော​မင်းကြီး​၏​နန်းတော်​အဝင်ဝ အုတ်ဖို​မြေ​၌ မြှုပ်​ထား​ရ​မည်​။ 10ထို့နောက် သူ​တို့​အား ‘အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​၏​အစေအပါး​ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​ကို ငါ​စေလွှတ်​မည်​။ ယေရမိ​အား ငါ​မြှုပ်​စေ​ခဲ့​သော​ကျောက်တုံး​များ​ပေါ်တွင် ထို​ဘုရင်​၏​ရာဇပလ္လင်​ကို ငါ​တည်​မည်​။ သူ​သည်​လည်း ယာယီစံနန်း​ကို တည်​လိမ့်မည်​။ 11သူ​သည် ရောက်လာ​၍ အီဂျစ်​ပြည်​ကို တိုက်ခိုက်​လိမ့်မည်​။ သေဘေး​သင့်​သော​သူ​တို့​အား သေ​ခြင်း​သို့​လည်းကောင်း​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​သင့်​သော​သူ​တို့​အား ဖမ်းခေါ်​သွား​ခြင်း​သို့​လည်းကောင်း​၊ ဓားဘေး​သင့်​သော​သူ​တို့​အား ဓားဘေး​သို့​လည်းကောင်း အပ်​လိမ့်မည်​။#ဗျာ 13:10။ 12ငါ​သည် အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို မီး​ရှို့​မည်​။ ဘေဘီလုံ​ဘုရင်​သည်​လည်း ထို​နတ်ဘုရားကျောင်း​တို့​ကို​မီးရှို့​၍ နတ်ဘုရား​တို့​ကို သိမ်းယူ​သွား​လိမ့်မည်​။ သိုးထိန်း​သည် အဝတ်​ဖြင့် မိမိကိုယ်ကို ပတ်စည်း​သကဲ့သို့ ထို​ဘုရင်​သည်​လည်း အီဂျစ်​ပြည်​ဖြင့် မိမိကိုယ်ကို​ပတ်စည်း​လိမ့်မည်​။ ထို​ပြည်​မှ သာသာယာယာ​ထွက်သွား​လိမ့်မည်​။ 13အီဂျစ်​ပြည်​ရှိ ဗက်ရှေမက်​မြို့​၏​အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို​လည်း ချိုးဖျက်​လိမ့်မည်​။ အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို​လည်း မီး​ရှို့​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 43: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ