YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 48

48
မောဘပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1မောဘ​ပြည်​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​နေဗော​မြို့​သည် အမင်္ဂလာ​ရှိ​၏​၊ ဖျက်ဆီး​ခံရ​ပြီ​။ ကိရယသိမ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ သိမ်းပိုက်​ခံရ​ပြီ​။ ခံတပ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ ပြိုကွဲ​ပြီ​။ 2မောဘ​ပြည်​သည် ဂုဏ်သရေ​မ​ရှိ​တော့​ပြီ​။ ရန်သူ​တို့​က ‘​လာ​ကြ​။ မောဘ​ပြည်​ကို တိုင်းနိုင်ငံ​အဖြစ်​မှ ငါ​တို့​ဖယ်ရှား​ကြ​စို့​’​ဟု ဟေရှဘုန်​မြို့​တွင်ပင် မောဘ​ပြည်​ကို ကြံစည်​ကြ​ပြီ​။ အို မာဒမေန​မြို့​၊ သင်​သည်​လည်း ဆိတ်ညံ​ရ​လိမ့်မည်​။ ဓား​သည် သင့်​ကို​လိုက်​လေ​ပြီ​။ 3‘​ဖျက်ဆီး​ခံရ​ပြီ​။ အကြီးအကျယ်​ပျက်စီး​လေ​ပြီ​’​ဟု ဟောရနိမ်​မြို့​မှ အော်ဟစ်ငိုကြွေးသံ​ကြား​ရ​၏​။ 4မောဘ​ပြည်​သည် ဖျက်ဆီး​ခံရ​ပြီ​။ ကလေးငယ်​တို့​အော်ဟစ်​သော​အသံ​ကို ကြား​ရ​လေ​ပြီ​။ 5လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက် တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​ဆင်း​သော​လမ်း​၌ အော်ဟစ်ငိုကြွေးသံ​ကို ရန်သူ​တို့​ကြား​ရ​၏​။ 6သင်​တို့​အသက်ဘေး​လွတ်​အောင် ထွက်ပြေး​ကြ​လော့​။ သင်​တို့​သည် သဲကန္တာရ​ရှိ ချုံပုတ်​ကဲ့သို့ ဖြစ်​လေ​ပြီ​။ 7သင်​လုပ်​သော​အရာ​၊ သင်​၏​ဥစ္စာဘဏ္ဍာ​ကို ယုံကြည်ကိုးစား​သောကြောင့် သင်​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ ခေမုရှ​ဘုရား​သည်​လည်း သူ​နှင့်ဆိုင်သော​ယဇ်ပုရောဟိတ်​များ​၊ အကြီးအကဲ​များ​နှင့်အတူ ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​သွား​ရ​မည်​။ 8ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖျက်ဆီး​သော​သူ​သည် မြို့ရွာ​တိုင်း​သို့​ရောက်လာ​မည်​။ မြို့​တစ်​မြို့ ရွာ​တစ်​ရွာ​မျှ​လွတ်​မည်​မ​ဟုတ်​။ ချိုင့်ဝှမ်း​လည်း ပျက်စီး​မည်​။ လွင်ပြင်​လည်း ပျက်စီး​မည်​။ 9အဝေး​သို့​ပျံသန်း​သွား​ရ​မည့် မောဘ​ပြည်​ကို အတောင်ပံ​ပေး​လော့​။ မောဘ​မြို့​တို့​သည် နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​မည်​။ 10ထာဝရဘုရား​၏​အမှု​တော်​ကို လုံ့လစိုက်​၍ မ​လုပ်ဆောင်​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​။ လူ​ကို​မ​သတ်​ဘဲ မိမိ​၏​ဓား​ကို ပြန်ရုပ်သိမ်း​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။ 11မောဘ​ပြည်သား​သည် ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​။ ငယ်စဉ်​ကပင် အေးချမ်း​စွာ​နေ​ရ​၏​။ အနည်ထိုင်​ကျန်ခဲ့​သော​စပျစ်ဝိုင်​ကဲ့သို့ အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ အပြောင်း​မ​ခံရ​။ ထို့ကြောင့် အရသာမပျက်​၊ ရနံ့​လည်း​မ​ပြယ်​”​ဟု မိန့်​တော်မူ​၏​။ 12သို့သော် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ မောဘ​ပြည်​အား သွန်ပစ်​မည့်​သူ​များ​ကို ငါ​စေလွှတ်​သော​နေ့ရက် ရောက်လာ​မည်​။ သူ​တို့​သည် မောဘ​ပြည်​ကို သွန်ပစ်​ကြ​မည်​။ အိုး​တို့​ကို မှောက်ပစ်​ကြ​မည်​။ ဘူး​များ​ကို​လည်း ရိုက်ခွဲ​ကြ​မည်​။ 13အစ္စရေး​အမျိုးအနွယ်​သည် သူ​တို့​ကိုးစား​သော ဗေသလ​ဘုရား​ကြောင့် အရှက်ကွဲ​ခဲ့​ကြ​ရ​သကဲ့သို့ မောဘ​ပြည်သား​တို့​သည်​လည်း ခေမုရှ​ဘုရား​ကြောင့် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ 14‘​ငါ​တို့​သည် စစ်တိုက်​ရာ​တွင် သူရဲကောင်း​များ​၊ ရဲစွမ်းသတ္တိ​ရှိ​သူ​များ ဖြစ်​၏​’​ဟူ၍ သင်​တို့ မည်သို့​ပြောဝံ့​ကြ​သနည်း​”​ဟု မိန့်​တော်မူ​၏​။ 15ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​မောဘ​ပြည် ပျက်စီး​ပြီ​။ မောဘ​မြို့​များ​သို့ ရန်သူ​ချီလာ​ပြီ​။ ရဲစွမ်းသတ္တိ​ရှိ​သော​လူငယ်​တို့​သည် အသတ်ခံ​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 16“​မောဘ​ပြည်​ခံရ​မည့်​ဘေးဒုက္ခ နီးကပ်​လာ​ပြီ​။ သူ​ခံရ​မည့်​ဘေးအန္တရာယ် အမြန်ဆုံး​ရောက်လာ​မည်​။ 17သူ့​ဝန်းကျင်​၌​ရှိ​သော​သူ​၊ သူ့​ဂုဏ်သတင်း​ကို​သိ​သော​သူ​အပေါင်း​တို့​၊ ဝမ်းနည်း​ကြ​လော့​။ ‘​တန်ခိုးကြီး​သော​လှံတံ​၊ အသရေ​ရှိ​သော​တောင်ဝှေး​သည် ကျိုးသွား​ကြ​ပြီ​တကား​’​ဟု ပြောဆို​ကြ​လော့​။ 18အို ဒိဘုန်​မြို့​၌​နေထိုင်​သော​သမီးပျို​၊ ဘုန်းအသရေ​ရှိ​သော​ပလ္လင်​မှ​ဆင်း​၍ ခြောက်ကပ်​သော​မြေပြင်​ပေါ်၌ ထိုင်​လော့​။ အကြောင်းမူကား မောဘ​ပြည်​ကို​ဖျက်ဆီး​သော​သူ​သည် စစ်ချီ​လာ​ပြီ​။ သင်​၏​ခံတပ်​တို့​ကို ဖျက်ဆီး​တော့​မည်​။ 19အို အာရော်​မြို့သား​တို့​၊ လမ်း​၌​ရပ်​လျက် စောင့်ကြည့်​ကြ​လော့​။ ထွက်ပြေး​လာ​သော​ယောက်ျား​၊ လွတ်မြောက်​လာ​သော​မိန်းမ​တို့​ကို ‘​ဘာ​ဖြစ်​သနည်း​’​ဟု မေးမြန်း​လော့​။ 20မောဘ​ပြည် ပြိုလဲ​ပြီ​ဖြစ်၍ အရှက်ကွဲ​ပြီ​။ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ မောဘ​ပြည် ဖျက်ဆီး​ခံရ​ကြောင်း​ကို အာနုန်​ချောင်း​တစ်လျှောက် ကြေညာ​ကြ​လော့​။
21တရားစီရင်​ခြင်း​သည် မြေပြန့်​ဒေသ​ဖြစ်​သော ဟောလုန်​မြို့​၊ ယာဇ​မြို့​၊ မေဖတ်​မြို့​၊ 22ဒိဘုန်​မြို့​၊ နေဗော​မြို့​၊ ဗက်ဒိဗလသမ်​မြို့​၊ 23ကိရယသိမ်​မြို့​၊ ဗက်ဂမုလ​မြို့​၊ ဗက်မောင်​မြို့​၊ 24ကေရုတ်​မြို့​၊ ဗောဇရ​မြို့​မှစ၍ မောဘ​ပြည်​နှင့် နီးနီး​ဝေးဝေး​ရှိသမျှ​မြို့​များ​တိုင်အောင် ရောက်​လေ​ပြီ​။ 25မောဘ​ပြည်​ဦးချို​သည် ချိုးဖြတ်​ခံရ​ပြီ​။ သူ​၏​လက်ရုံး​သည် ကျိုး​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
26မောဘ​ပြည်​သည် ထာဝရဘုရား​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​သောကြောင့် သူ့​ကို ယစ်မူး​စေ​ကြ​လော့​။ သူ​သည် မိမိ​အန်ဖတ်​၌ လူးလိမ့်​၍ ပြက်ရယ်ပြုစရာ​ဖြစ်​လိမ့်မည်​။ 27သင့်​အတွက် အစ္စရေး​လူမျိုး​သည် ပြက်ရယ်ပြုစရာ ဖြစ်​သည်​မ​ဟုတ်​လော​။ သူ့​အကြောင်း​ကို ခေါင်းတခါခါ​နှင့်​ပြော​လေ့​ရှိ​သည်​မှာ သူ​သည် သူခိုး​တို့​နှင့်အတူ အဖမ်း​ခံရ​ဖူး​သလော​။ 28အို မောဘ​ပြည်သား​တို့​၊ ချောက်ကမ်းပါး​၌ အသိုက်​ကို​လုပ်​တတ်​သော ချိုးငှက်​ကဲ့သို့ မြို့​တို့​ကို​စွန့်​၍ ကျောက်ဆောင်​၌​နေထိုင်​ကြ​လော့​။ 29မောဘ​၏​မာန​ကို ငါ​တို့​ကြားသိ​ရ​ပြီ​။ သူ​သည် အလွန်​မောက်မာ​၏​၊ ဘဝင်မြင့်​၍ မာနကြီး​၏​၊ ဝါကြွား​၍ ထောင်လွှား​၏​။ 30ထာဝရဘုရား​က “​သူ​၏​ဒေါသ​ကို ငါ​သိ​၏​။ ဘာမျှ​မ​ဟုတ်​။ သူ​ဝါကြွား​သည်​မှာ အချည်းနှီး​သာ​ဖြစ်​၏​။ 31သို့ဖြစ်၍ မောဘ​ပြည်​ကြောင့် ငါ​ညည်းတွားငိုကြွေး​မည်​။ မောဘ​ပြည်​တစ်ပြည်လုံး​ကြောင့် ငါ​အော်ဟစ်​မည်​။ ကိရဟရက်​မြို့သား​တို့​ကြောင့် ငါ​ညည်းတွား​မည်​။ 32အို စိဗမာ​မြို့​ရှိ​စပျစ်နွယ်ပင်​၊ ယာဇာ​မြို့​ကြောင့် ငိုကြွေး​သည်​ထက် သင့်​ကြောင့် ငါ​ငိုကြွေး​မည်​။ သင်​၏​အကိုင်း​တို့​သည် ဖြာထွက်​၍ ယာဇာ​ပင်လယ်​တိုင်အောင် ရောက်ရှိ​ကြ​၏​။ သို့သော် သင်​၏​နွေရာသီသီးနှံ​နှင့် စပျစ်သီး​တို့​သည် အဖျက်ဆီး​ခံရ​လေ​ပြီ​။ 33သီးနှံ​ဖြစ်ထွန်း​သော​မြေ​နှင့် မောဘ​ပြည်​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ဝိုင်​ပြတ်​လေ​ပြီ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် စပျစ်သီး​ကို​နင်းနယ်​ကြ​တော့​မည်​မ​ဟုတ်​။ ကြွေးကြော်​သော​အသံ​သည်​လည်း ဝမ်းမြောက်​သော​ကြွေးကြော်​သံ​မ​ဟုတ်​။
34နိမရိမ်​ချောင်းရေ​ပင်လျှင် ခန်းခြောက်​သွား​သောကြောင့် ဟေရှဘုန်​မြို့သား​တို့​၏​အော်ဟစ်သံ​သည် ဧလာလေ​မြို့​နှင့် ယာဟတ်​မြို့​တိုင်အောင် ရောက်​လေ​ပြီ​။ ဇောရ​မြို့​မှ ဟောရနိမ်​မြို့​နှင့်​ဧဂလတ်ရှလိရှ​မြို့​တိုင်အောင် သူ​တို့​၏​အသံ​ကို​လွှင့်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 35တစ်ဖန် ထာဝရဘုရား​က “​မောဘ​ပြည်​၌ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တွင် ယဇ်ပူဇော်​သော​သူ​၊ မိမိ​တို့​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သော​သူ​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ 36သူ​တို့​ပိုင်ဆိုင်​သော​စည်းစိမ်ဥစ္စာ ပျက်ပြုန်း​လေ​ပြီ​ဖြစ်၍ ငါ့​စိတ်နှလုံး​သည် မောဘ​ပြည်​ကြောင့် ပလွေသံ​ကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​။ ငါ့​စိတ်နှလုံး​သည် ကိရဟရက်​မြို့သား​ကြောင့် ပလွေ​သံ​ကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 37“​သူ​တို့​အားလုံး ခေါင်းတုံးတုံး​၍ မုတ်ဆိတ်​ရိတ်​ကြ​၏​၊ လက်​ကို​မွှမ်း​၍ ခါး​၌​လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် 38မောဘ​ပြည်​ရှိ ခေါင်မိုးပြင်​များ​၊ လမ်းမ​များ​မှစ၍ နေရာ​အနှံ့ မြည်တမ်း​ကြ​လိမ့်မည်​။ အကြောင်းမူကား မည်သူမျှ​အလို​မ​ရှိ​သော​အိုး​ကဲ့သို့ မောဘ​ပြည်​ကို ငါ​ခွဲပစ်​လိုက်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 39မောဘ​ပြည် ပြိုလဲ​ပြီ​တကား​။ ပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​ပြီ​တကား​။ မောဘ​ပြည် အရှက်ကွဲ​၍ လှည့်ထွက်​သွား​ပြီ​။ သူ့​ဝန်းကျင်​ရှိ​လူ​အားလုံး​အတွက် ပြက်ရယ်ပြုစရာ​၊ ထိတ်လန့်စရာ ဖြစ်​လေ​ပြီ​။
40ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ရန်သူ​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ကို​ဖြန့်​၍ မောဘ​ပြည်​ရှိ​ရာ​သို့ ထိုးဆင်း​လာ​လေ​ပြီ​။ 41ကေရုတ်​မြို့​ကို ဝိုင်း​ထား​ကြ​၍ ရဲတိုက်​များ​ကို သိမ်းပိုက်​လိမ့်မည်​။ ထို​နေ့ရက်​၌ မောဘ​စစ်သူရဲ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 42ထာဝရဘုရား​က “​မောဘ​ပြည်​သည် ထာဝရဘုရား​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​သောကြောင့် လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 43အို မောဘ​ပြည်သား​တို့​၊ ကြောက်မက်ဖွယ်ဘေး​၊ မြေတွင်း​၊ ကျော့ကွင်း​တို့​သည် သင့်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 44ထာဝရဘုရား​က “​မောဘ​ပြည်​ကို စစ်ကြောစီရင်​ရာ​နှစ် ရောက်လာ​ပြီ​ဖြစ်၍ ကြောက်မက်ဖွယ်ဘေး​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့ ကျ​လိမ့်မည်​။ မြေတွင်း​မှ လွတ်မြောက်​သော​သူ​သည် ကျော့ကွင်း​မိ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 45“​ထွက်ပြေး​သော​သူ​တို့​သည် အရုပ်ကြိုးပြတ်​ရပ်​နေ​ရ​၏​။ အကြောင်းမှာ ဟေရှဘုန်​မြို့​ကို​ခိုလှုံ​ရန်​လာ​ကြ​သော်လည်း ဟေရှဘုန်​မြို့​မှ​ထွက်​သော​မီး​၊ ရှိဟုန်​မင်းကြီး​ထံ​မှ​မီးလျှံ​သည် မောဘ​၏​နဖူး​၊ အော်ဟစ်ဆူညံနေသူ​တို့​၏​ခေါင်း​ကို လောင်ကျွမ်း​နှင့်​လေ​ပြီ​။ 46အို မောဘ​ပြည်​၊ သင်​သည် အမင်္ဂလာ​ရှိ​၏​။ အို ခေမုရှ​ဘုရား​၏​လူ​တို့​၊ သင်​တို့ ပျက်စီး​ကြ​ပြီ​။ သင့်​သား​တို့​သည် သုံ့ပန်း​အဖြစ်​ပါသွား​ပြီ​။ သင့်​သမီး​တို့​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။ 47သို့သော် နောင်ကာလ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​မောဘ​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဤသည်ကား မောဘ​ပြည်​အတွက် တရားစီရင်​ခြင်း​ပေတည်း​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 48: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ