ယေရမိအနာဂတ္တိကျမ်း 7
7
ဗိမာန်တော်မှ ယုံကြည်ခြင်းအလွဲများ
1ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍ 2“သင်သည် ထာဝရဘုရား၏အိမ်တော်တံခါးဝ၌ ရပ်လျက် ‘ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရန် ဤတံခါးကိုဖြတ်၍ ဝင်လာသော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့’ဟူသော ဤသတင်းစကားကို ကြေညာလော့”ဟု မိန့်ဆို၏။ 3အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့ကို ဤအရပ်၌ နေထိုင်စေမည်။ 4‘ဤသည်ကား ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သည်’ဟု ဆိုတတ်သောသူတို့၏မုသားစကားကို သင်တို့မယုံကြနှင့်။ 5သင်တို့၏အပြုအမူအကျင့်အကြံတို့ကို အမှန်ပြုပြင်လျှင်၊ သင်တို့သည် အိမ်နီးချင်းအချင်းချင်းကြား တရားမျှတစွာစီရင်လျှင်၊ 6ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင် 7သင်တို့ဘိုးဘေးတို့အား ငါအပိုင်ပေးသော#7:7 တိုက်ရိုက်ပြန်ဆိုလျှင် “ငါအစဉ်အမြဲပေးသော”။ ဤပြည်၊ ဤအရပ်၌ သင်တို့ကို နေထိုင်စေမည်”ဟု မိန့်တော်မူ၏။ 8“ကြည့်ရှုလော့။ သင်တို့သည် အကျိုးမရှိသော မုသားစကားကို ယုံကြ၏။ 9သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့် 10ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။ 11ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်ကို ဓားပြခိုအောင်းရာဖြစ်သည်ဟု သင်တို့ထင်ကြသလော။ သင်တို့ပြုသောအမှုကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။#မ 21:13၊ မာ 11:17၊ လု 19:46။
ရှိလောကဲ့သို့ဖြစ်မည်ဟု သတိပေးခြင်း
12“ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။ 13သင်တို့သည် ထိုအမှုအလုံးစုံတို့ကို ပြုကြသောကြောင့် သင်တို့ကို ငါအကြိမ်ကြိမ်သတိပေး၏။ သို့သော် သင်တို့နားမထောင်ကြ။ ငါခေါ်သော်လည်း သင်တို့မထူးကြ။ 14သို့ဖြစ်၍ သင်တို့ယုံကြည်ကိုးစားရာဖြစ်သည့် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်ကိုလည်းကောင်း၊ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်ကိုလည်းကောင်း ရှိလောအရပ်၌ ပြုခဲ့သည့်နည်းတူ ငါပြုမည်။ 15ငါသည် သင်တို့ညီအစ်ကိုဖြစ်သော ဧဖရိမ်၏သားစဉ်မြေးဆက်ရှိသမျှကို နှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ရှေ့မှောက်မှနှင်ထုတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယုဒအဖို့ ဆုမတောင်းနှင့်
16“သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ ကြားဝင်စေ့စပ်ခြင်းမပြုနှင့်။ သင်၏စကားကို ငါနားထောင်မည်မဟုတ်။ 17သူတို့သည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ မည်သို့ပြုကြသည်ကို သင်မမြင်သလော။ 18ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။ 19ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
20ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယဇ်ပူဇော်ရန်မဟုတ်ဘဲ နာခံရန်မိန့်မှာခြင်း
21အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့ပူဇော်သောယဇ်တို့တွင် မီးရှို့ရာယဇ်ကို ပေါင်းထည့်လော့။ အသားကို စားကြလော့။ 22အကြောင်းမူကား သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့စဉ်က မီးရှို့ရာယဇ်အကြောင်း၊ ယဇ်ပူဇော်ခြင်းအကြောင်းကို သူတို့အား ငါမဆင့်ဆို၊ မမိန့်မှာခဲ့။ 23သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။ 24သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။ 25အီဂျစ်ပြည်မှ သင်တို့၏ဘိုးဘေးများထွက်လာသည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် ငါ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ခဲ့၏။ 26သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာ#7:26 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။ကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
နာခံမှုမရှိသောယုဒအတွက် ညည်းတွားခြင်း
27ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။ 28သင်က သူတို့အား ‘ဤလူမျိုးသည် သူတို့၏ဘုရားသခင် ထာဝရဘုရား၏စကားကို နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သစ္စာပျက်သောလူမျိုး၊ ဟုတ်မှန်ရာကိုမပြောသောလူမျိုးဖြစ်လေပြီ။ 29သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
30ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။ 31ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။
32သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။ 33ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။ 34ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative