YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 15

15
စပျစ်ပင်နှင့်စပျစ်ကိုင်းပုံဥပမာ
1 ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။ 2ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ 3သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည်စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။ 4ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။
5 ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။ 6တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။ 7သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ 8သင်​တို့​သည် များစွာ​သော​အသီး​ကို​သီး​လျက် ငါ​၏​တပည့်​များ​ဖြစ်​ခြင်း​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်း​ထင်ရှား​တော်မူ​၏။
ခရစ်တော်၏ချစ်ခြင်းမေတ္တာ
9 ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​သကဲ့သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။ 10ငါ​သည် ငါ့​ခမည်းတော်​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​၍ ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သကဲ့သို့ သင်​တို့​သည် ငါ​၏​ပညတ်​ချက်​များ​ကို​စောင့်ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်မည်။ 11သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။
12 ငါ​၏​ပညတ်​ချက်​ကားငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့ဟူ၍ ဖြစ်​၏။ 13မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။ 14သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။ 15ငါ​သည် သင်​တို့​ကို ကျွန်​ဟူ၍​ခေါ်​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ကျွန်​သည် မိမိ​သခင်​ပြု​နေ​သော​အရာ​ကို​မ​သိ။ ငါ့​ခမည်းတော်​ထံမှ ကြားနာ​ခဲ့​သော​အရာ​အားလုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ကို မိတ်ဆွေ​ဟူ၍ ငါ​ခေါ်​၏။ 16သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။ 17သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့​ဟူသော ဤ​ပညတ်​ကို သင်​တို့​အား ငါ​ပေး​၏။
လောကီသားတို့၏မုန်းတီးခြင်းခံရမည်ကို ဖော်ပြတော်မူခြင်း
18 လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိမှတ်​ကြ​လော့။ 19သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။ 20‘ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စကား​ကို သတိရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်းဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်းဆဲ​ကြ​လိမ့်မည်။ ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခဲ့​လျှင် သင်​တို့​၏​စကား​ကို​လည်း လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်။ 21သို့ရာတွင် သူ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို မ​သိ​ကြ​သဖြင့် ငါ​၏​နာမ​ကြောင့် သင်​တို့​အပေါ် ထို​အမှုအရာ​အားလုံး​တို့​ကို ပြု​ကြ​လိမ့်မည်။ 22ငါ​သည်​လာ​၍ သူ​တို့​အား မ​ဟောပြော​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ သို့သော် ယခု​အခါ သူ​တို့​သည် မိမိ​တို့​၏​အပြစ်​အတွက် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။ 23ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခမည်းတော်​ကို​လည်း​မုန်း​၏။ 24အခြား​မည်သူမျှ မ​ပြု​ဖူး​သော​အမှု​များ​ကို သူ​တို့​ရှေ့၌ ငါ​မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ ယခု​မူကား သူ​တို့​သည် ထို​အမှု​တို့​ကို​မြင်​ရ​လျက်​နှင့်​ပင် ငါ​နှင့်​ငါ့​ခမည်းတော်​ကို မုန်း​ကြ​၏။ 25ဤသို့​ဖြစ်​ခြင်းမှာ သူ​တို့​၏​ပညတ်​တရား​ကျမ်း​၌ ‘ထို​သူ​တို့​သည် အကြောင်းမဲ့ ငါ့​ကို​မုန်း​ကြ​၏’#ဆာ 35:19၊ 69:4။ဟု ရေး​ထား​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။
26 ခမည်းတော်​ထံမှ သင်​တို့​ထံသို့ ငါ​စေလွှတ်​မည့် ကူညီ​မစ​သူ​တည်းဟူသော ခမည်းတော်​ထံမှ​လာ​သည့် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ ငါ့​အကြောင်း​ကို သက်သေခံ​လိမ့်မည်။ 27သင်​တို့​သည်​လည်း အစအဦး​က​ပင် ငါ​နှင့်အတူ​ရှိ​ကြ​သောကြောင့် သက်သေခံ​ကြ​လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ