YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 18:28-38

ရှင်ယောဟန်ခရစ်ဝင် 18:28-38 MSBU

ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။ ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။ ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။ ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က“သင်​သည် ကိုယ့်​ဆန္ဒ​အလျောက် ဤသို့​မေး​သလော၊ သို့မဟုတ် အခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အကြောင်း​ကို ပြော​ကြ​သလော”​ဟု ပြန်​၍​မေး​တော်မူ​၏။ ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။ ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။