ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။ ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။ စပျစ်ဝိုင်ကုန်သောအခါ ယေရှု၏မယ်တော်က “သူတို့တွင် စပျစ်ဝိုင်မရှိတော့ပါ”ဟု ပြောကြား၏။ ယေရှုကလည်း“အသင်အမျိုးသမီး၊ ဤအမှု၌ သင်နှင့်ငါ မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး”ဟု မိန့်တော်မူ၏။ မယ်တော်သည် အစေခံတို့အား “သူစေခိုင်းသမျှတို့ကို ဆောင်ရွက်ကြပါ”ဟု ဆို၏။ ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။ ယေရှုက“ဤရေအိုးများကို ရေဖြည့်ကြလော့”ဟု အစေခံတို့အား မိန့်တော်မူလျှင် သူတို့သည် အိုးနှုတ်ခမ်းအထိဖြည့်ကြ၏။ တစ်ဖန်“ယခုခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်ယူသွားကြရာ ပွဲအုပ်သည် စပျစ်ဝိုင်ဖြစ်သွားသော ထိုရေကိုမြည်းစမ်း၏။ ရေခပ်ခဲ့သောအစေခံတို့သည် ထိုစပျစ်ဝိုင်ကို အဘယ်ကရသည်ကိုသိကြသော်လည်း ပွဲအုပ်သည် မသိသဖြင့် သတို့သားကိုခေါ်၍ “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။ ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 2:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို