YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 5:1-15

ရှင်ယောဟန်ခရစ်ဝင် 5:1-15 MSBU

ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။ ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။] ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့်“သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော”​ဟု မေး​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​က “သခင်​ဘုရား၊ ရေ​လှုပ်ရှား​သောအခါ အကျွန်ုပ်​ကို ရေကန်​ထဲသို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အကျွန်ုပ်​ဆင်းသွား​မည်​ပြု​စဉ်​တွင် အခြား​သော​သူ​သည် အကျွန်ုပ်​ထက် အလျင်​ဦးစွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“ထ​လော့။ သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​သည် ချက်ချင်း​အကောင်း​ပကတိ​ဖြစ်​လာ​၍ မိမိ​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လေ​၏။ ထို​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။ သို့ဖြစ်၍ ဂျူး​လူမျိုး​တို့​က “ယနေ့​သည် ဥပုသ်နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်ရာ​ကို​ဆောင်ယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ”​ဟု ရောဂါ​ပျောက်ကင်း​သော​ထို​သူ​အား ပြောဆို​ကြ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​ကို​အကောင်း​ပကတိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “‘အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​သည်​သွား​၍ မိမိ​ကို​အကောင်း​ပကတိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေရှု​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား ပြောကြား​လေ​၏။