ယောဘဝတ္ထု 15
15
ဒုတိယအကြိမ် အပြန်အလှန်ပြောသောစကား
ဧလိဖတ် ပြောသောစကား
1ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က 2“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။ 3အသုံးမဝင်သောစကား၊ အကျိုးမဲ့သောစကားများဖြင့် ငြင်းခုံသင့်သလော။ 4အကယ်စင်စစ် သင်၌ အကြောက်အလန့် မရှိတော့ပြီ။ ဘုရားသခင်ထံ အာရုံပြုလိုစိတ်လည်း ပပျောက်လေပြီ။ 5သင့်အပြစ်သည် သင့်နှုတ်ကို သင်ပြပေး၍ သင်သည် ကောက်ကျစ်သောစကားကို ရွေးသုံးလေပြီ။ 6သင့်ကို အပြစ်တင်သူမှာ ငါမဟုတ်။ သင့်နှုတ်ပင်ဖြစ်၏။ သင့်နှုတ်ခမ်းသည် သင့်ကို ဆန့်ကျင်၍သက်သေထွက်ဆိုလေပြီ။ 7သင်သည် အဦးဆုံးမွေးဖွားလာသောလူလော။ တောင်ကုန်းများ မဖြစ်တည်မီ သင်ဖြစ်တည်လာသလော။ 8ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။ 9ငါတို့မသိဘဲ သင်သာသိသောအရာရှိသလော။ ငါတို့နားမလည်ဘဲ သင်သာနားလည်သောအရာရှိသလော။ 10ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။ 11ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။ 12အဘယ်ကြောင့် သင့်စိတ်အလိုကို သင်လိုက်ရသနည်း။ အဘယ်ကြောင့် သင့်မျက်လုံးများအရောင်တောက်နေရသနည်း။ 13သင်သည် ဘုရားသခင်ကို စိတ်ဆိုး၍ ဤကဲ့သို့သောစကားမျိုး နှုတ်မှထွက်လာရသလော။ 14လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ 15ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။ 16ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။ 17သင့်ကို ငါရှင်းပြမည်။ နားထောင်ပါ။ ငါမြင်ဖူးသောအရာကိုလည်း ငါပြောပြမည်။ 18ဘိုးဘေးတို့လက်ထက်မှစ၍ ပညာရှိတို့ တစ်စုံတစ်ရာကွယ်ဝှက်ခြင်းမရှိဘဲ အဆင့်ဆင့်ပြောပြသည့်အတိုင်း ငါပြန်ပြောပြမည်။ 19ဘိုးဘေးတို့တစ်မျိုးတည်းကိုသာ ပြည်တော်ကို ပေးတော်မူခဲ့၏။ ထိုပြည်တွင် မည်သည့်လူမျိုးခြားမျှ ဖြတ်သန်းသွားလာခွင့်မရှိ။ 20ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။ 21ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။ 22အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။ 23သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။ 24ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။ 25အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။ 26သူသည် ထူထဲသောဒိုင်းလွှားကြီးကိုကိုင်လျက် ကိုယ်တော့်ကို တိုက်ခိုက်ရန် တဇွတ်ထိုးပြေးလာ၏။ 27သူ၏မျက်နှာသည် အဆီနှင့်အစ်လျက်၊ ခါးသည်လည်း အဆီနှင့်တုတ်လျက်ရှိ၏။ 28သို့သော် သူသည် မြို့ပျက်များ၊ လူမနေပြိုပျက်လုသောအိမ်များတွင် နေရ၏။ 29သူသည် ချမ်းသာမည်မဟုတ်။ သူ့ဥစ္စာပစ္စည်းလည်း တည်မြဲမည်မဟုတ်။ မြေကြီးပေါ်တွင် သူပိုင်ဆိုင်သောအရာလည်း တိုးပွားမည်မဟုတ်။ 30သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။ 31အကျိုးမရှိသောအရာကို ယုံစားခြင်းဖြင့် သူ့ကိုယ်သူ မလှည့်စားသင့်ပါ။ အကြောင်းမူကား သူပြန်ရရှိမည့်အရာသည်လည်း အကျိုးမရှိသောအရာပင် ဖြစ်လိမ့်မည်။ 32အချိန်မတန်မီ သူသည် အစုံအလင်ပြန်ခံရမည်။ သူ၏အကိုင်းအခက်သည်လည်း စိမ်းလန်းမည်မဟုတ်။ 33သူသည် မမှည့်ခင်အသီးကြွေကျသွားသောစပျစ်ပင်ကဲ့သို့၊ အပွင့်ကြွေသွားသောသံလွင်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ 34ဘုရားတရားမဲ့သောလူအပေါင်းတို့သည် ဖြစ်ထွန်းမည်မဟုတ်။ တံစိုးစားသောသူတို့၏တဲများသည်လည်း မီးလောင်ကျွမ်းသွားလိမ့်မည်။ 35သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative