ယောဘဝတ္ထု 2
2
စာတန်က ယောဘကို ဒုတိယအကြိမ်စုံစမ်းခြင်း
1ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောနေ့ရောက်လာပြန်လျှင် စာတန်သည်လည်း သူတို့နှင့်အတူ ထာဝရဘုရားရှေ့တော်သို့ ရောက်လာ၏။ 2ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်က လာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။ 3ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
4ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။ 5လက်တော်ကိုဆန့်၍ သူ၏အရိုးအသားတို့ကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော်ကို မျက်ဝါးထင်ထင် ကျိန်ဆဲမည်မှာ မလွဲပါ”ဟု ပြန်လျှောက်၏။ 6ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်ကိုမူ ချမ်းသာပေးရမည်”ဟု မိန့်တော်မူ၏။ 7စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။ 8ယောဘသည် အိုးခြမ်းပဲ့တစ်ခုကိုယူ၍ ပြာထဲတွင် ထိုင်လျက် မိမိကိုယ်ကိုကုတ်ခြစ်နေရလေ၏။
9ထိုအခါ သူ၏ဇနီးက သူ့အား “ယခုချိန်ထိ ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားဦးမည်လော။ ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါလော့”ဟု ဆို၏။
10ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
ယောဘ၏သူငယ်ချင်းသုံးယောက်
11ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။ 12သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။ 13သူတို့သည် ယောဘခံစားရသောဝေဒနာအလွန်ပြင်းထန်သည်ကို မြင်သဖြင့် မည်သူမျှစကားမပြောဘဲ သူနှင့်အတူမြေပေါ်တွင် ခုနစ်ရက်ခုနစ်ညထိုင်နေလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative