ယောဘဝတ္ထု 22
22
တတိယအကြိမ် အပြန်အလှန်ပြောသောစကား
ဧလိဖတ် ပြောသောစကား
1ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က 2“ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။ 3သင်၏ဖြောင့်မတ်ခြင်းသည် အနန္တတန်ခိုးရှင်ကို နှစ်သက်စေမည်လော။ သင်၏အပြစ်ကင်းသောအပြုအမူများသည်လည်း ကိုယ်တော့်ကို အကျိုးစီးပွားဖြစ်စေမည်လော။ 4သင်၏ကြောက်ရွံ့ရိုသေမှုကြောင့် သင့်ကို ဆုံးမတော်မူသလော။ သင်နှင့် တရားပြိုင်တော်မူသလော။ 5သင်ပြုသောမကောင်းမှုများမှာ များပြားလွန်းသည်မဟုတ်လော။ သင်ပြုသောအပြစ်များမှာလည်း အဆုံးမရှိ။ 6သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။ 7မောပန်းသူကို ရေမတိုက်၊ ဆာလောင်မွတ်သိပ်သူကို အစာမကျွေးဘဲ နေ၏။ 8အာဏာရှိသောသူတို့သည် မြေများကို ပိုင်ဆိုင်၍ ဂုဏ်သရေရှိသောသူတို့သည် ထိုမြေပေါ်တွင် နေထိုင်ကြ၏။ 9မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။ 10ထို့ကြောင့် ကျော့ကွင်းများသည် သင့်ကိုဝိုင်းရံထားပြီး ရုတ်တရက်ကျရောက်သောကြောက်မက်ဖွယ်ဘေးသည်လည်း သင့်ကို ထိတ်လန့်စေပြီ။ 11အမှောင်ကျသဖြင့် သင်ဘာမျှမမြင်နိုင်။ ရေထုကြီးသည် သင့်ကိုလွှမ်းမိုးလေပြီ။ 12ဘုရားသခင်သည် အမြင့်ဆုံးမိုးကောင်းကင်တွင် စံမြန်းတော်မူသည်မဟုတ်လော။ အမြင့်ဆုံးသောကြယ်များသည်လည်း မည်မျှပင်မြင့်လှသည်ကို ကြည့်ပါလော့။ 13သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။ 14တိမ်ထုကြီးသည် ကိုယ်တော့်ကို ကာထားသဖြင့် ကိုယ်တော်သည် ဘာမျှမမြင်နိုင်။ မိုးကောင်းကင်အဝန်းအဝိုင်းတွင်သာ သွားလာလျက်နေတော်မူသည်’ဟု ဆို၏။ 15ဒုစရိုက်သမားတို့လျှောက်သောလမ်းဟောင်းအတိုင်း သင်လိုက်မည်လော။ 16ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။ 17သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။ 18သို့သော် ကိုယ်တော်သည် သူတို့အိမ်ကို ကောင်းသောအရာများနှင့် ပြည့်စေ၏။ လူဆိုးတို့၏အကြံဉာဏ်မူကား ငါနှင့်ဝေး၏။ 19ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။ 20သူတို့က ‘အကယ်စင်စစ် ငါတို့၏ရန်သူ ပျက်စီးလေပြီ။ သူတို့၏စည်းစိမ်ဥစ္စာကိုလည်း မီးလောင်ကျွမ်းလေပြီ’ဟု ဆိုကြ၏။ 21ဘုရားသခင်နှင့် အကျွမ်းဝင်၍ သင့်မြတ်အောင်နေလော့။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာကို သင်စံစားရမည်။ 22နှုတ်တော်ထွက်တရားတော်တို့ကို နာခံ၍ စကားတော်တို့ကို နှလုံးသွင်းလော့။ 23အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍ 24ရွှေကို မြေမှုန့်ထဲ၌၊ ဩဖိရရွှေကို မြစ်ထဲမှကျောက်ကြား၌ ပစ်ထားမည်ဆိုလျှင် 25အနန္တတန်ခိုးရှင်သည် သင့်အဖို့ ရွှေ၊ သင့်အဖို့ငွေစင် ဖြစ်လိမ့်မည်။ 26အကယ်စင်စစ် သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍ ဘုရားသခင်ကို ဖူးမြော်ရလိမ့်မည်။ 27သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။ 28သင်ကြံစည်ထားသောအရာသည် အထမြောက်လိမ့်မည်။ သင်၏လမ်းများသည်လည်း ထွန်းလင်းလိမ့်မည်။ 29နှိမ့်ချခံနေရသူတို့အဖို့ သင်က ‘သူတို့ကို ချီးမြှောက်တော်မူပါ’ဟု ဆုတောင်းပေးလျှင် ကိုယ်တော်သည် နိမ့်ကျသောသူတို့ကို ကယ်တင်တော်မူမည်။ 30အပြစ်မကင်းသောသူကိုပင်လျှင် လွတ်မြောက်ခွင့်ပေးတော်မူလိမ့်မည်။ စင်ကြယ်သောသင့်လက်ကြောင့် သူ့ကို လွတ်မြောက်စေတော်မူမည်”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative