YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 32

32
ဧလိဟုက ဒေါသထွက်၍ တုံ့ပြန်ခြင်း
1ယောဘ​သည် မိမိကိုယ်မိမိ ဖြောင့်မတ်​သည်​ဟု ခံယူ​သောကြောင့် ထို​သူ​သုံး​ဦး​လည်း ဘာမျှ​ဆက်​မ​ပြော​တော့​ပေ​။ 2ထိုသို့ ယောဘ​က မိမိကိုယ်မိမိ ဘုရားသခင်​ထက် ဖြောင့်မတ်​မှန်ကန်​သည်​ဟု ဆို​သောကြောင့် ရာမ​မျိုးနွယ်စု​၊ ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​သည် ယောဘ​ကို အမျက်ထွက်​၏​။ 3ယောဘ​ကို ပြန်​မ​ချေပ​နိုင်​ဘဲ အပြစ်​ကို​သာ​တင်​ကြ​သော ယောဘ​၏​မိတ်ဆွေ​သုံး​ယောက်​ကို​လည်း အမျက်ထွက်​လေ​၏​။
4ထို​သူ​တို့​သည် ဧလိဟု​ထက်​အသက်ကြီး​သောကြောင့် ဧလိဟု​သည် ယောဘ​နှင့်​စကားပြော​ရ​ဖို့ စောင့်​နေ​ရ​၏​။ 5သူ​တို့​သုံး​ဦး​စလုံး​၏​နှုတ်​၌ ချေပစရာ​စကား​တစ်ခွန်း​မျှ​မ​ရှိ​သည်​ကို မြင်​သောအခါ ဧလိဟု​အမျက်ထွက်​လေ​၏​။
6ထို့ကြောင့် ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​က “​အကျွန်ုပ်​သည် အသက်ငယ်​၍ သင်​တို့​သည် အသက်ကြီး​သောကြောင့် အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ထုတ်ဖော်ပြ​ဖို့ ကြောက်ရွံ့​လျက် မဝံ့မရဲ ဖြစ်​ရ​ပါ​၏​။ 7‘အသက်ကြီးသူ​သည် ပြောဆို​သင့်​၏​၊ နှစ်​ပေါင်း​များစွာ​အသက်ရှင်​ခဲ့​သူ​သည် ဉာဏ်ပညာ​အကြောင်း​ကို သွန်သင်​ပေး​သင့်​၏’​ဟု အကျွန်ုပ်​တွေး​မိ​ပါ​၏​။ 8သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။ 9အသက်ကြီး​တိုင်း ပညာရှိ​သည်​မ​ဟုတ်​။ သက်ကြီးဝါကြီး​တိုင်း အမှန်တရား​ကို နားလည်​သည်​မ​ဟုတ်​။ 10ထို့ကြောင့် ‘​အကျွန်ုပ်​စကား​ကို နားထောင်​ပေး​ကြ​ပါ​။ အကျွန်ုပ်​၏​ထင်မြင်ချက်​ကို အကျွန်ုပ်​ပြော​ပါ​မည်​’​ဟု ဆို​ရ​ခြင်း​ဖြစ်​၏​။ 11ကြည့်​ပါ​။ သင်​တို့​ပြော​မည့်​စကား​ကို အကျွန်ုပ်​စောင့်မျှော်​နေ​ခဲ့​၏​။ သင်​တို့​ပြန်ပြော​ရ​မည့်​စကား​ကို​ရှာကြံ​နေစဉ် သင်​တို့​၏​အကျိုးသင့်​အကြောင်းသင့်​စကား​ကို အကျွန်ုပ်​နားစွင့်​နေ​ခဲ့​၏​။ 12အကျွန်ုပ်​စေ့စေ့​နားထောင်​နေ​ခဲ့​သော်လည်း သင်​တို့​တွင် ယောဘ​၏​စကား​ကို ပြန်လည်​ချေပ​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ 13‘​ဉာဏ်ပညာ​ကို ငါ​တို့​တွေ့​ပြီ​’​ဟု သင်​တို့​မ​ပြော​မိ​စေ​ကြ​နှင့်​။ သူ့​ကို နိုင်​သော​သူ​မှာ လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​တော်မူ​၏​။ 14ယောဘ​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​၍ တိုက်ရိုက်​ပြော​သည်​မ​ဟုတ်​။ ထို့ကြောင့် သင်​တို့​ပြော​သကဲ့သို့ သူ့​ကို အကျွန်ုပ်​ပြန်ပြော​မည်​မ​ဟုတ်​။ 15သူ​တို့ စိတ်ပျက်​ကုန်​ကြ​ပြီ​။ ဘာမျှ​ပြန်​မ​ပြော​ကြ​တော့​ပါ​။ ပြောစရာ​စကား​ပင် မ​ရှိ​ကြ​တော့​ပါ​။ 16သူ​တို့ ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​တုံ့ပြန်​နိုင်​ဘဲ ရပ်​နေ​သည်​ကို အကျွန်ုပ်​စောင့်​နေ​ရ​မည်လော​။ 17အကျွန်ုပ်​လည်း ပြော​သင့်​သည်​ကို ပြော​၍ အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ဖော်ပြ​မည်​။ 18အကြောင်းမူကား အကျွန်ုပ်​မှာ ပြောစရာ​စကား အများအပြား​ရှိ​၏​။ အကျွန်ုပ်​အတွင်း​ရှိ ဝိညာဉ်​သည် အကျွန်ုပ်​ကို နှိုးဆော်​လျက်​နေ​၏​။ 19ကြည့်​ပါ​။ အကျွန်ုပ်​အထဲ​၌ ပိတ်ဆို့​ထား​သော​စပျစ်ဝိုင်​ကဲ့သို့​၊ ကွဲထွက်​တော့​မည့်​ဝိုင်သားရေဘူး​အသစ်​ကဲ့သို့ ဖြစ်​နေ​၏​။ 20အကျွန်ုပ်​ပြော​မှ စိတ်သက်သာရာ​ရ​တော့​မည်​။ နှုတ်ခမ်း​ကို​ဖွင့်​၍ ပြန်ပြော​တော့​မည်​။ 21မည်သူ့​ကို​မျှ မျက်နှာ​မ​လိုက်​ပါ​။ မည်သူ့​ကို​မျှ မျက်နှာချိုသွေး​ပြီး မ​ပြော​ပါ​။ 22မည်ကဲ့သို့ မျက်နှာချိုသွေး​ရ​မည်​ကို​လည်း မ​သိ​ပါ​။ ထိုသို့​ပြု​မိ​ခဲ့​လျှင် အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အကျွန်ုပ်​ကို ချက်ချင်း​ဒဏ်ခတ်​တော်မူ​မည်​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ