ယောဘဝတ္ထု 5
5
1ယခု အော်ခေါ်ပါလော့။ သင့်ကို မည်သူထူးမည်နည်း။ မည်သည့်သန့်ရှင်းသူတို့ထံသို့ သင်လှည့်မည်နည်း။ 2အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။ 3ဆိုးမိုက်သောသူ အမြစ်တွယ်နေသည်ကို ငါမြင်လျှင် သူ့နေရာကို ငါ ချက်ချင်းကျိန်ဆဲမိ၏။ 4သူ့သားသမီးတို့သည် လုံခြုံမှုနှင့် ကင်းဝေး၏။ မြို့တံခါး၌ ညှဉ်းဆဲခံနေရသည်ကိုပင် ကယ်နုတ်မည့်သူမရှိ။ 5သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။ 6ဆင်းရဲဒုက္ခသည် မြေမှုန့်ထဲမှ ပေါ်ထွက်လာသည်မဟုတ်။ အခက်အခဲပြဿနာသည်လည်း မြေကြီးထဲမှ ပေါ်ပေါက်လာသည်မဟုတ်။ 7မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။ 8ငါမူကား ဘုရားသခင်ကိုရှာမည်။ ငါ၏အမှုအရာကို ဘုရားသခင်ထံ အပ်မည်။ 9ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။ 10မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။ 11နိမ့်ကျသောသူတို့ကို မြှင့်တင်၍ ဝမ်းနည်းပူဆွေးသောသူတို့ကို ကူမကယ်တင်တော်မူ၏။ 12ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။ 13ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။#၁ကော 3:19။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။ 14နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။ 15ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။ 16ထို့ကြောင့် ဆင်းရဲသောသူ၌ မျှော်လင့်ခြင်းရှိ၍ မတရားသောသူကား နှုတ်ဆိတ်နေရ၏။ 17ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။#ဟေဗြဲ 12:6။ 18အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။ 19ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။ 20ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။ 21ကျာပွတ်ကဲ့သို့သောလျှာဘေးမှ သင့်ကို ကွယ်ကာလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်လာလျှင်လည်း သင်ကြောက်ရွံ့ရမည်မဟုတ်။ 22ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခြင်းဘေးတို့ကို သင်လှောင်ရယ်ရလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့ကိုလည်း သင်ကြောက်ရွံ့ရလိမ့်မည်မဟုတ်။ 23အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။ 24သင်၏တဲသည် ငြိမ်းချမ်းလျက်ရှိကြောင်း သင်သိရလိမ့်မည်။ သင်နေထိုင်ရာအရပ်ကို စစ်ဆေးကြည့်လျှင်လည်း တစ်စုံတစ်ရာမျှ ပျောက်ဆုံးလိမ့်မည်မဟုတ်။ 25သင့်သားသမီး များပြား၍ သင့်သားမြေးများသည်လည်း မြေပေါ်ပေါက်သောမြက်ပင်ကဲ့သို့ များပြားသည်ကို သင်သိရလိမ့်မည်။ 26အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။ 27ဤသည်ကား ငါတို့ရှာဖွေသိရှိသောအရာဖြစ်၏။ ဤအမှန်တရားကို သင်နာယူသိမှတ်ပါလော့”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative