ယောရှုမှတ်စာ 6
6
ဂျေရိခေါမြို့ကို သိမ်းပိုက်ခြင်း
1အစ္စရေးအမျိုးသားတို့သတင်းကြောင့် ဂျေရိခေါမြို့တံခါးတို့ကို လုံခြုံစွာပိတ်ထားကြ၏။ ဝင်ထွက်သောသူ တစ်ယောက်မျှမရှိ။ 2ထာဝရဘုရားက ယောရှုအား “ကြည့်ရှုလော့။ ဂျေရိခေါမြို့နှင့်တကွ ရှင်ဘုရင်နှင့် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတို့ကို သင့်လက်သို့ ငါအပ်ပြီ။ 3သင်နှင့်စစ်သူရဲအပေါင်းတို့သည် မြို့ကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်ရမည်။ ခြောက်ရက်ပတ်လုံး ထိုသို့ပတ်ရမည်။ 4ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။ 5ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
6နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။ 7လူတို့ကိုလည်း “သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်စွဲသောသူတို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။
8ထိုသို့ ယောရှုက လူတို့အားမှာကြားပြီးသည်နှင့် ထာဝရဘုရားရှေ့မှ သိုးချိုတံပိုးခုနစ်ခုကိုကိုင်ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကိုမှုတ်လျက် ချီသွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်မှပါလာ၏။ 9တံပိုးမှုတ်သောယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်လျက်ချီတက်ကြစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှချီသွားကြ၏။ နောက်ရံတပ်သားတို့ကား သေတ္တာတော်နောက်မှ ချီသွားကြ၏။ 10ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။ 11ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ပြန်လာ၍ တပ်စခန်းတွင် ညအိပ်နားကြ၏။
12ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။ 13ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။ 14ဒုတိယနေ့တွင်လည်း မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
15ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်သည်နှင့် သူတို့သည်ထ၍ ယခင်နည်းအတိုင်း မြို့ကိုခုနစ်ပတ် လှည့်ပတ်လေ၏။ ဤနေ့တစ်နေ့သာ မြို့ကိုခုနစ်ပတ်လှည့်ပတ်ခြင်းဖြစ်၏။ 16ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။ 17ထိုမြို့နှင့်တကွ မြို့ထဲရှိသမျှတို့သည် ထာဝရဘုရား၏ကျိန်ခြင်းကို ခံရသောအရာများဖြစ်၏။ ပြည့်တန်ဆာရာခပ်မူကား ငါတို့စေလွှတ်လိုက်သောသူလျှိုတို့ကို ဝှက်ထားပေးခဲ့သောကြောင့် သူနှင့်သူ့အိမ်သူအိမ်သားအားလုံးတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။ 18ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။ 19ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။
20ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။ 21သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
ရာခပ်နှင့်သူ့မိသားစုကို အသက်ချမ်းသာခွင့်ပေးခြင်း
22ယောရှုသည် ထိုပြည်ကိုစူးစမ်းခဲ့သောလူနှစ်ယောက်အား “ပြည့်တန်ဆာမိန်းမနှင့် သင်တို့ကျိန်ဆိုထားသည့်အတိုင်း သူ့အိမ်သို့သွား၍ သူနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို ခေါ်ထုတ်ခဲ့လော့”ဟု ဆိုလေ၏။ 23ထိုအခါ ထိုပြည်ကို စူးစမ်းခဲ့သောလုလင်တို့သည် ရာခပ်အိမ်သို့ဝင်၍ ရာခပ်အပါအဝင် သူ၏မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို ခေါ်ထုတ်လာ၏။ ရာခပ်၏ဆွေမျိုးသားချင်းအားလုံးကို ခေါ်ထုတ်လာ၍ အစ္စရေးတပ်စခန်းအပြင်ဘက်၌ထားလေ၏။
24ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။ 25ဂျေရိခေါမြို့ကိုစူးစမ်းရန် ယောရှုစေလွှတ်သောသူလျှိုတို့ကို ပြည့်တန်ဆာရာခပ်သည် ဝှက်ထားသောကြောင့် ယောရှုသည် ရာခပ်အပါအဝင် သူ့ဖခင်၏မိသားစုနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးလေ၏။ ရာခပ်သည် ယနေ့တိုင်အောင် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လေ၏။
26ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
27ဤသို့ဖြင့် ထာဝရဘုရားသည် ယောရှုနှင့်အတူပါရှိတော်မူသဖြင့် သူ၏ဂုဏ်သတင်းသည် မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လေ၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative