YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 17

17
မပူဇော်ရသည့်ယဇ်
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အာရုန်​နှင့်​သူ​၏​သား​တို့​မှစ၍ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို ဆင့်ဆို​လော့​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။ 3အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်စုံတစ်ယောက်​သည် နွား​၊ သိုး​၊ ဆိတ်​တစ်ကောင်ကောင်​ကို တပ်စခန်း​ထဲ၌​ဖြစ်စေ​၊ တပ်စခန်း​အပြင်​၌​ဖြစ်စေ သတ်​ပြီး 4ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အရှေ့​တွင် ထာဝရဘုရား​ထံ ပူဇော်​ရန် ပူဇော်သက္ကာ​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​၌ အသက်သတ်​သော​အပြစ်​ရှိ​သည်​ဟု မှတ်ယူ​ရ​မည်​။ ထို​သူ​သည် အသက်သတ်​သည်​ဖြစ်၍ သူ​သည် မိမိ​လူမျိုး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 5ဤသည်ကား အစ္စရေး​အမျိုးသား​တို့​သည် ကွင်းပြင်​၌ သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​ခဲ့​၍ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​ကြ​ရန်​ဖြစ်​၏​။ 6ယဇ်ပုရောဟိတ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အနီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွေး​ကို ဖျန်း​၍ အဆီ​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ရှို့​ရ​မည်​။ 7ယခင်က သူ​တို့​သည် ဖောက်ပြန်မှားယွင်း​ပြီး မိမိ​တို့​၏​ယဇ်​များ​ကို ဆိတ်နတ်ဘုရား​များ​အား ပူဇော်​ခဲ့​ကြ​သကဲ့သို့ နောက်တစ်ဖန် မ​ပူဇော်​ရ​။ ဤသည်ကား သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
8“​အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို​ပူဇော်​မည့်​သူ​သည် 9ထာဝရဘုရား​ထံ​ပူဇော်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။
သွေးစားခြင်း၊ အသေကောင်စားခြင်းကို တားမြစ်ခြင်း
10အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် သွေး​တစ်မျိုးမျိုး​ကို​စား​လျှင် ထို​သွေး​စား​သော​သူ​ကို ငါ​မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။ 11အကြောင်းမူကား သတ္တဝါ​၏​အသက်​သည် သွေး​၌​တည်​၏​။ ယဇ်ပလ္လင်​ပေါ်၌ ထို​သွေး​ဖြင့် သင်​တို့​၏​အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန်​အတွက် ငါ​သတ်မှတ်​ပေး​ပြီ​။ အကယ်စင်စစ် သွေး​သည် လူ​တို့​၏​အပြစ်​ကို​ဖြေလွှတ်​ရန်​အတွက်​ဖြစ်​၏​။#ဟေဗြဲ 9:22။ 12ထို့ကြောင့် ‘​သင်​တို့​တွင် မည်သူ​မျှ သွေး​ကို​မ​စား​ရ​။ သင်​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည်​လည်း သွေး​ကို​မ​စား​ရ​’​ဟု အစ္စရေး​အမျိုးသား​တို့​ကို ငါ​မိန့်ဆို​ပြီ​။
13အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် အမဲလိုက်​၍ စား​ခွင့်​ရှိ​သည့် တောရိုင်းတိရစ္ဆာန်​၊ သို့မဟုတ် ကျေးငှက်​ကို​မိ​လျှင် ထို​သားကောင်​၏​သွေး​ကို​သွန်​၍ မြေ​နှင့်​ဖုံး​ရ​မည်​။ 14အကြောင်းမူကား သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​၏​။ ထိုသို့ အသက်​သည် သွေး​၌​တည်​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ‘မည်သည့်​သတ္တဝါ​၏​သွေး​ကို​မျှ မ​စား​ရ​။ သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​သောကြောင့် သွေး​ကို​စား​သော​သူ​မည်သူမဆို သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်’​ဟု ငါ​မိန့်ဆို​ပြီ​။
15အမျိုးသားချင်း​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ တစ်စုံတစ်ယောက်​သည် အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို​စား​မိ​လျှင် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။ 16သူ​သည် အဝတ်​မ​လျှော်​၊ ရေ​မ​ချိုး​လျှင် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​”​ဟု သူ​တို့​အား ပြောကြား​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ