ဝတ်ပြုရာကျမ်း 22
22
ယဇ်ပုရောဟိတ်တို့နှင့်သူတို့၏အစားအစာ
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုလော့။ ငါ၏သန့်ရှင်းသောနာမတော်ကို ရှုတ်ချရာမရောက်မည့်အကြောင်း ငါ့အား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာကို ပူဇော်ရာ၌ ဂရုပြုရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 3သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် မစင်ကြယ်သောသူ မည်သူမဆို ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာအနီးသို့ ချဉ်းကပ်လျှင် ထိုသူသည် ငါ့ရှေ့မှောက်မှ ပယ်ရှင်းခြင်းခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 4အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်မကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊ 5မစင်မကြယ်ဖြစ်စေနိုင်သည့် တွားသွားသတ္တဝါတစ်ကောင်ကောင်၊ သို့မဟုတ် အညစ်အကြေးတစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်နေသောသူကို ထိမိသောသူဖြစ်စေ 6ထိုသို့သောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုသူသည် ရေမချိုးလျှင် သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ 7နေဝင်ပြီးမှ သူသည် စင်ကြယ်လိမ့်မည်။ ထို့နောက်မှ သန့်ရှင်းသောပူဇော်သက္ကာကို သူသည် စားခွင့်ရှိမည်။ အကြောင်းမူကား ထိုပူဇော်သက္ကာသည် သူ၏အစားအစာဖြစ်၏။ 8အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။ 9ယဇ်ပုရောဟိတ်တို့သည် ငါ၏ညွှန်ကြားချက်ကို ရှုတ်ချခြင်းဖြင့် အပြစ်ခံရ၍ မသေရမည့်အကြောင်း ငါ၏ညွှန်ကြားချက်ကို စောင့်ထိန်းရမည်။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
10သာမန်လူတစ်ယောက်မျှ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ ယဇ်ပုရောဟိတ်၏ဧည့်သည်ဖြစ်စေ၊ သူရင်းငှားဖြစ်စေ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ 11သို့သော် ယဇ်ပုရောဟိတ်သည် မိမိငွေဖြင့် တစ်စုံတစ်ယောက်ကို ဝယ်ထားလျှင် ထိုသူသည် စားခွင့်ရှိ၏။ သူ၏အိမ်၌ မွေးဖွားသောသူတို့သည်လည်း သူ၏အစားအစာကို စားခွင့်ရှိ၏။ 12ယဇ်ပုရောဟိတ်၏သမီးသည် သာမန်လူနှင့် ယူလျှင် သူသည် သန့်ရှင်းသောအလှူပစ္စည်းကို စားခွင့်မရှိ။ 13သို့သော် ယဇ်ပုရောဟိတ်၏သမီးသည် မုဆိုးမဖြစ်သွားလျှင်ဖြစ်စေ၊ ကွာရှင်းထားလျှင်ဖြစ်စေ သူ၌သားသမီးမရှိဘဲ သူ့ဖခင်၏အိမ်သို့ပြန်လာ၍ အပျိုကဲ့သို့ ပြန်နေလျှင် ဖခင်၏အစားအစာကို စားခွင့်ရှိ၏။ သာမန်လူတစ်ယောက်မျှ စားခွင့်မရှိ။ 14တစ်စုံတစ်ယောက်သည် သန့်ရှင်းသောပူဇော်သက္ကာကို မရည်ရွယ်ဘဲစားမိလျှင် ထိုသန့်ရှင်းသောပူဇော်သက္ကာနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာ၏ငါးပုံတစ်ပုံထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အား ပြန်ပေးရမည်။ 15ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူပူဇော်သည့် သန့်ရှင်းသောပူဇော်သက္ကာကို မညစ်ညူးစေရ။ 16သန့်ရှင်းသောပူဇော်သက္ကာကို စားမိစေခြင်းဖြင့် သူတို့အပေါ် ဒုစရိုက်အပြစ်ဒဏ် မကျရောက်စေရ။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်လက်ခံသည့်ပူဇော်သက္ကာ
17တစ်ဖန် ထာဝရဘုရားက မောရှေအား
18“အာရုန်နှင့်သူ့သားတို့မှစ၍ အစ္စရေးအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလော့။ အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ဦးသည် ထာဝရဘုရားအား မိမိ၏ပူဇော်သက္ကာကို ကတိသစ္စာတစ်စုံတစ်ခုအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာတစ်စုံတစ်ခုအတွက် မီးရှို့ရာယဇ်အဖြစ် ပူဇော်လျှင် 19သင်တို့ကို လက်ခံတော်မူမည့်အကြောင်း နွား၊ သိုး၊ ဆိတ်တို့တွင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။ 20အနာအဆာပါသောမည်သည့်အကောင်ကိုမျှ မပူဇော်ရ။ ပူဇော်လျှင် သင်တို့အား လက်ခံတော်မူမည်မဟုတ်။
21တစ်စုံတစ်ယောက်သည် ကတိသစ္စာဝတ်ကိုဖြေလိုလျှင်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအဖြစ် နွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်ထဲမှဖြစ်စေ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်လိုလျှင် လက်ခံတော်မူမည့်အကြောင်း အပြစ်အနာအဆာကင်းသောအကောင်ကို ပူဇော်ရမည်။ အနာအဆာ မရှိရ။ 22မျက်စိကန်းသောအကောင်၊ ဒဏ်ရာရသောအကောင်၊ အင်္ဂါချို့ယွင်းသောအကောင်၊ ပြည်တည်နာစွဲသောအကောင်၊ နှင်းခူစွဲသောအကောင်၊ ယားနာစွဲသောအကောင် တို့ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်တို့ကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပလ္လင်ပေါ် မတင်ရ။ 23ကိုယ်အင်္ဂါပုံပျက်၍ ပိန်လှီသော နွား၊ သို့မဟုတ် သိုးသငယ်ကို စေတနာအလျောက် ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်နိုင်သော်လည်း ကတိသစ္စာဝတ်ကိုဖြေရန်အတွက်ကား လက်ခံတော်မူမည်မဟုတ်။ 24ဝှေးစေ့ပွန်းပဲ့၊ ကြေမွ၊ ကွဲပြဲ၊ စုတ်ပြတ်သောအကောင်ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်ကို သင်တို့ပြည်တွင် မပူဇော်ရ။ 25ထိုသို့သောအကောင်ကို တိုင်းတစ်ပါးသားတို့ထံမှလက်ခံယူ၍ သင်တို့ဘုရားသခင်အဖို့ စားဖွယ်ရာအဖြစ် မပူဇော်ရ။ ထိုအကောင်တို့သည် ပုံပန်းပျက်၍ အနာအဆာရှိနေသောကြောင့် သင်တို့ကို လက်ခံတော်မူမည်မဟုတ်”ဟု မိန့်တော်မူ၏။
26တစ်ဖန် ထာဝရဘုရားက မောရှေအား
27“နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ဆိတ်ဖြစ်စေ မွေးလာလျှင် မိခင်နှင့်အတူ ခုနစ်ရက်ထားရမည်။ ရှစ်ရက်မြောက်သောနေ့မှစ၍ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်နိုင်၏။ 28သို့ရာတွင် နွား၊ သို့မဟုတ် သိုးကို သားပေါက်နှင့်အတူ တစ်ရက်တည်းတွင် မသတ်ရ။ 29ထာဝရဘုရားအား ကျေးဇူးတော်ချီးမွမ်းရာယဇ်ပူဇော်သောအခါ သင်တို့ကို လက်ခံအောင် ပူဇော်ရမည်။ 30ထိုယဇ်ကို တစ်ရက်တည်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းကျန်စေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
31သင်တို့သည် ငါ၏ပညတ်တော်များကို လိုက်နာစောင့်ထိန်းရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ 32အစ္စရေးအမျိုးသားတို့အလယ်၌ ငါသည် သန့်ရှင်းသောအရှင်ဖြစ်မည့်အကြောင်း သင်တို့သည် ငါ၏သန့်ရှင်းသောနာမကို မရှုတ်ချရ။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ 33ငါသည် သင်တို့၏ဘုရားဖြစ်ရန်အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဝတ်ပြုရာကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative