YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 26

26
ပဋိညာဉ်ကောင်းချီး၊ ပဋိညာဉ်ပြဋ္ဌာန်းချက်
1သင်​တို့​အဖို့ ရုပ်တု​များ​ကို မ​ပြုလုပ်​ရ​။ ဆင်းတု​ကို မ​ထွင်းထု​ရ​။ ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။ သင်​တို့​၏​ပြည်​၌ ကျောက်ဆစ်​ရုပ်တု​ကို​သင်​တို့​ရှိခိုးကိုးကွယ်​ဖို့ မ​ထား​ရ​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ 2ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။
3သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​၍ ငါ​၏​ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် 4ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။ 5သင်​တို့​သည် စပျစ်သီး​ဆွတ်ခူး​ချိန်​အထိ တလင်းနယ်​ရ​လိမ့်မည်​။ စိုက်ပျိုး​ချိန်​အထိ စပျစ်သီး​ဆွတ်ခူး​ရ​လိမ့်မည်​။ အစားအစာ​ကို ဝ​စွာ​စား​ရ​၍ သင်​တို့​၏​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ 6ငါ​သည် ထို​ပြည်​၌ ငြိမ်းချမ်းမှု​ရှိ​စေ​သဖြင့် သင်​တို့​အိပ်​သောအခါ မည်သူ​မျှ သင်​တို့​ကို ကြောက်ရွံ့တုန်လှုပ်​အောင် လုပ်​လိမ့်မည်​မ​ဟုတ်​။ ငါ​သည် ဘေးအန္တရာယ်​ပေး​တတ်​သော တောရိုင်းတိရစ္ဆာန်​တို့​ကို ထို​ပြည်​ထဲမှ ဖယ်ရှား​မည်​။ သင်​တို့​ပြည်​သည် ဓားဘေး​နှင့် ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။ 7သင်​တို့​သည် ရန်သူ​တို့​ကို​လိုက်​၍ သူ​တို့​သည် သင်​တို့​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။ 8သင်​တို့​ထဲမှ ငါး​ယောက်​သည် အယောက်​တစ်ရာ​ကို​လိုက်​လိမ့်မည်​။ အယောက်​တစ်ရာ​သည် အယောက်​တစ်သောင်း​ကို​လိုက်​လိမ့်မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။
9ငါ​သည် သင်​တို့​ကို ကြည့်ရှု​မည်​။ သင်​တို့​ကို တိုးပွား​များပြား​စေ​မည်​။ သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။ 10သင်​တို့​သည် ကြာရှည်​စွာ​သိုထား​သော​သီးနှံ​အဟောင်း​ကို စား​ရ​လိမ့်မည်​။ သီးနှံ​အသစ်​ပေါ်​သောအခါ အဟောင်း​ကို​ထုတ်ပစ်​ရ​လိမ့်မည်​။ 11ငါ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သင်​တို့​အလယ်​၌ ငါ​ထား​မည်​။ ငါ​သည် သင်​တို့​ကို​ရွံရှာ​မည်​မ​ဟုတ်​။ 12ငါ​သည် သင်​တို့​အလယ်​၌ သွားလာ​၍ သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။#၂ကော 6:16၊ ဟေဗြဲ 8:10။ 13ငါ​သည် အီဂျစ်​ပြည်​၌​ကျွန်ခံ​ခဲ့​သော​သင်​တို့​ကို ထို​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ထမ်းပိုး​ကို ချိုးဖျက်​၍ သင်​တို့​ကို မတ်မတ်​လျှောက်​စေ​မည်​။
14သို့သော် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ဤ​ပညတ်တော်​ရှိသမျှ​တို့​ကို မ​လိုက်နာ​လျှင်​၊ 15ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို စွန့်ပယ်​လျှင်​၊ သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို ရွံရှာ​၍ ငါ​၏​ပညတ်တော်​ရှိသမျှ​တို့​ကို မ​လိုက်နာ​ဘဲ ငါ​၏​ပဋိညာဉ်​ကို​ချိုးဖောက်​လျှင် 16ငါ​သည် သင်​တို့​အား ဤသို့​ပြု​မည်​။ မျက်စိ​ကွယ်​စေ​၍ စိတ်​အားလျော့​စေ​သော အဆုတ်ရောဂါ​၊ အဖျားရောဂါ​တည်းဟူသော ထိတ်လန့်ဖွယ်​သော​အရာ​ကို သင်​တို့​အပေါ် သက်ရောက်​စေ​မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​အသီးအနှံ​တို့​ကို စား​ပစ်​မည်​ဖြစ်​သောကြောင့် သင်​တို့​ကြဲ​သော​မျိုးစေ့​သည် အချည်းနှီး​ဖြစ်​လိမ့်မည်​။ 17သင်​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သင်​တို့​သည် သင်​တို့​၏​ရန်သူ​ရှေ့​၌ ရှုံးနိမ့်​ရ​လိမ့်မည်​။ သင်​တို့​ကို​မုန်းတီး​သော​သူ​တို့​သည် သင်​တို့​ကို အုပ်စိုး​လိမ့်မည်​။ လိုက်​သော​သူ​မ​ရှိ​သော်လည်း သင်​တို့​သည် ထွက်ပြေး​ရ​လိမ့်မည်​။
18ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​အား အပြစ်ဒဏ်​ခုနစ်ဆ ထပ်၍​ပေး​မည်​။ 19ငါ​သည် သင်​တို့​၏​မာန​တန်ခိုး​ကို​ချိုး​၍ သင်​တို့​၏​မိုးကောင်းကင်​ကို သံ​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​၏​မြေ​ကို ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​မည်​။ 20သင်​တို့​၏​ခွန်အား​သည် အချည်းနှီး​ကုန်သွား​လိမ့်မည်​။ သင်​တို့​၏​မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​မ​ဟုတ်​။ သင်​တို့​ပြည်​ရှိ​အပင်​တို့​သည်​လည်း အသီး​ဖြစ်ထွန်း​လိမ့်မည်​မ​ဟုတ်​။
21သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​နှင့်အလျောက် သင်​တို့​အပေါ်​သို့ ဘေးဒဏ်​ကို ခုနစ်ဆ ထပ်၍​ကျရောက်​စေ​မည်​။ 22ငါ​သည် သင်​တို့​ထဲသို့ တောရိုင်းတိရစ္ဆာန်​ကို ဝင်ရောက်​စေ​သဖြင့် ထို​တိရစ္ဆာန်​သည် သင်​တို့​၏​သားသမီး​ကို ကိုက်သတ်​၍ သင်​တို့​၏​တိရစ္ဆာန်​ကို ဖျက်ဆီး​လိမ့်မည်​။ သင်​တို့​ကို လျော့နည်း​စေ​၍ သင်​တို့​၏​လမ်း​များ​သည် လူသူကင်းမဲ့​လိမ့်မည်​။
23ထိုသို့​အပြစ်ဒဏ်​ပေး​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ဘဲ ငါ့​ကို ဆက်လက်​ဆန့်ကျင်​နေ​သေး​လျှင် 24ငါ​သည်​လည်း သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​ဒဏ်ခတ်​မည်​။ 25ငါ​သည် ပဋိညာဉ်​အလျောက် လက်တုံ့ပြန်​သော​ဓား​ကို သင်​တို့​အပေါ် ကျရောက်​စေ​မည်​။ သင်​တို့​သည် သင်​တို့​၏​မြို့​များ​ထဲ၌ စုဝေး​ကြ​သောအခါ သင်​တို့​အလယ်​သို့ ကပ်ရောဂါ​ဘေး​ကို ငါ​စေလွှတ်​မည်​။ သင်​တို့​သည် ရန်သူ​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။ 26အသက်​အတွက် အမှီသဟဲ#26:26 တိုက်ရိုက်ပြန်ဆိုလျှင် “တောင်ဝှေး”။​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။
27ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် 28ငါ​သည်​လည်း သင်​တို့​ကို အမျက်ဒေါသ​ဖြင့် သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​အပြစ်ဒဏ်​ပေး​မည်​။ 29သင်​တို့​သည် သင်​တို့​သား​သမီး​တို့​၏​အသား​ကို စား​ကြ​ရ​လိမ့်မည်​။ 30ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။ 31ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။ 32ငါ​ကိုယ်တိုင် သင်​တို့​၏​ပြည်​ကို လူသူကင်းမဲ့​စေ​သဖြင့် ထို​ပြည်​၌​နေထိုင်​သော သင်​တို့​၏​ရန်သူ​တို့​သည်​လည်း တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။ 33ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။
34ရန်သူ​တို့​၏​ပြည်​၌ သင်​တို့​နေထိုင်​၍ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး သင်​တို့​၏​ပြည်​သည် ဥပုသ်နေ့​၌ မွေ့လျော်​လိမ့်မည်​။ သင်​တို့​၏​ပြည်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​၍ ဥပုသ်နေ့​တို့​၌ မွေ့လျော်​လိမ့်မည်​။ 35သင်​တို့​သည် သင်​တို့​ပြည်​၌ နေထိုင်​ကြ​စဉ် ဥပုသ်နေ့​တွင် ငြိမ်ဝပ်​စွာ​မ​နေ​ရ​သော သင်​တို့​ပြည်​သည် လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး ငြိမ်ဝပ်​စွာ​နေ​ရ​လိမ့်မည်​။
36သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ရန်သူ​တို့​၏​ပြည်​၌​နေ​ကြ​ရ​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ထိတ်လန့်​ခြင်း​ကို ငါ​သွင်း​မည်​။ လေ​တိုက်​၍​လှုပ်​သော​သစ်ရွက်​အသံ​သည် သူ​တို့​ကို​ထွက်ပြေး​စေ​လိမ့်မည်​။ သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ ပြေး​ကြ​၍ လဲကျ​ကြ​လိမ့်မည်​။ 37သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ တစ်ဦး​ကို​တစ်ဦး တိုက်မိ​ကြ​လိမ့်မည်​။ သင်​တို့​သည် မိမိ​တို့​၏​ရန်သူ​များ​ကို ရင်ဆိုင်​နိုင်​မည်​မ​ဟုတ်​။ 38သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​၌ ပျက်စီး​၍ ရန်သူ​တို့​၏​ပြည်​သည် သင်​တို့​ကို ဝါးမျို​လိမ့်မည်​။ 39သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် သူ​တို့​၏​ဒုစရိုက်​ကြောင့် ရန်သူ​တို့​၏​ပြည်​၌ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။ ထိုမျှမက သူ​တို့​သည် ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဘိုးဘေး​တို့​နှင့်အတူ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။
40သို့သော် သူ​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​ကို ဖော်ပြဝန်ခံ​မည်​ဆိုလျှင်​၊ သူ​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ဆက်လက်​ဆန့်ကျင်​ကြ​သဖြင့် 41ငါ​သည်​လည်း သူ​တို့​ကို​ပြန်ဆန့်ကျင်​၍ ရန်သူ​တို့​၏​ပြည်​သို့ နှင်ထုတ်​လိုက်​သောအခါ သူ​တို့​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​စိတ်နှလုံး​ကို နှိမ့်ချ​ပြီး ကိုယ့်​အပြစ်​အတွက် ပြန်လည်​ပေးဆပ်​မည်​ဆိုလျှင် 42ငါ​သည် ယာကုပ်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ ဣဇက်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ အာဗြဟံ​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ် တို့​ကို ငါ​အောက်မေ့​မည်​။ သူ​တို့​၏​ပြည်​ကို​လည်း ငါ​အောက်မေ့​မည်​။ 43သို့သော် သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စွန့်ပယ်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို ရွံရှာ​ခဲ့​သောကြောင့် သူ​တို့​ကြောင့် စွန့်ပစ်​ထား​ခြင်း​ခံရ​၍ လူသူကင်းမဲ့​သူ​တို့​၏​ပြည်​သည် ဥပုသ်နေ့​၌ မွေ့လျော်​လိမ့်မည်​။ သူ​တို့​မူကား ကိုယ့်​အပြစ်​အတွက် ပြန်ပေးဆပ်​ရ​လိမ့်မည်​။ 44ဤသို့​ဖြစ်၍ ရန်သူ​တို့​၏​ပြည်​၌ သူ​တို့​နေ​ကြ​ရ​သော်လည်း ငါ​သည် သူ​တို့​ကို​ဖျက်ဆီး​သည်​အထိ​၊ သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ရ​သည်​အထိ သူ​တို့​ကို ငါ​ငြင်းပယ်​မည်​မ​ဟုတ်​၊ ရွံရှာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ 45ငါ​သည် သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် လူမျိုးခြား​တို့​၏​မျက်မှောက်​၊ အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သော သူ​တို့​၏​ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သည့်​ပဋိညာဉ်​ကို သူ​တို့​အတွက် ငါ​အောက်မေ့​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
46ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် မိမိ​နှင့်​အစ္စရေး​အမျိုးသား​တို့​အကြား မောရှေ​အားဖြင့်​ထားရှိ​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပညတ်တရား​များ​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ