YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:67-79

ရှင်လုကာခရစ်ဝင် 1:67-79 MSBU

သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ပရောဖက်ပြု​ဟောပြော​ကာ “အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။ ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။ ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။ အချင်း​သူငယ်၊ သင်​သည်​လည်း အမြင့်ဆုံး​သော​ဘုရား​၏​ပရောဖက်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သင်​သည် ထာဝရ​ဘုရား​၏​လမ်း​တော်​ကို​ပြင်ဆင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော်​အား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အားဖြင့်​သက်ရောက်​သော ကယ်တင်​ခြင်း​နှင့်ဆိုင်သည့်​အသိပညာ​ကို​ပေး​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​ရှေ့​တော်​၌ သွား​လိမ့်မည်။ ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။