YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 18:1-8

ရှင်လုကာခရစ်ဝင် 18:1-8 MSBU

ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “မြို့​တစ်​မြို့​၌ ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​သော တရားသူကြီး​တစ်​ဦး​ရှိ​၏။ ထို​မြို့​၌​ရှိ​သော မုဆိုးမ​တစ်​ဦး​သည် သူ့​ထံသို့ အကြိမ်ကြိမ်​လာ​ပြီး ‘ကျွန်မ​ဘက်​၌​နေ​၍ ကျွန်မ​ကို​တရားစွဲဆို​သူ​အား တရားသဖြင့်​စီရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။ သူ​သည် အတန်​ကြာ​မျှ စီရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်လည်း နောက်ဆုံး​တွင် မိမိ​စိတ်​ထဲ၌ ‘ငါ​သည် ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​တတ်။ သို့သော် ဤ​မုဆိုးမ​သည် ငါ့​ကို​အနှောင့်အယှက်​ပေး​လှ​သည်​ဖြစ်၍ သူ့​အတွက် တရားသဖြင့်​စီရင်​ပေး​မည်။ သို့မဟုတ်​လျှင် သူ​သည် အဖန်ဖန်​လာ​၍ နောက်ဆုံး​၌ ငါ့​ကို ပင်ပန်း​နွမ်းနယ်​စေ​လိမ့်မည်’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ထို့နောက် သခင်​ဘုရား​က“ထို​မတရား​သော​တရားသူကြီး​ပြောဆို​သည့်​အရာ​ကို ကြား​ကြ​သလော။ ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် သူ​တို့​အတွက် တရားသဖြင့် လျင်မြန်​စွာ​စီရင်​ပေး​တော်မူ​လိမ့်မည်။ သို့သော် လူ့သား​ကြွလာ​သောအခါ မြေကြီး​ပေါ်၌ ယုံကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်မူ​၏။