ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က“ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက် “အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။ ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။ ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် “အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။ သို့သော် ယေရှုက“ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော”ဟု မေးတော်မူ၏။ ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင် သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအခါ ယေရှုက“ဤမျှနှင့်ရပ်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။ ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။ ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။ သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။ ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။ သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။ တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း“ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့် အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
ရှင်လုကာခရစ်ဝင် 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 22:39-62
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို