YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိအနာဂတ္တိကျမ်း 2

2
ယဇ်ပုရောဟိတ်တို့ကို သတိပေးခြင်း
1“အို ယဇ်ပုရောဟိတ်​တို့​၊ ယခုမှာ ဤ​ပညတ်ချက်​သည် သင်​တို့​အဖို့ ဖြစ်​၏​။ 2သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ငါ့​နာမ​ကို မ​ချီးမွမ်း​၊ နှလုံး​မ​သွင်း​ဘဲ​နေ​လျှင် သင်​တို့​အပေါ်​သို့ ကျိန်​ခြင်း​ကို ငါ​သက်ရောက်​စေ​မည်​။ သင်​တို့​၏​ကောင်းချီးမင်္ဂလာ​ကို အမင်္ဂလာ ဖြစ်စေ​မည်​။ အကယ်စင်စစ် သင်​တို့​နှလုံး​မ​သွင်း​သောကြောင့် သင်​တို့​ကို ငါ​ကျိန်ဆဲ​ပြီ​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား မိန့်​တော်မူ​၏​။
3“​သင့်​သားစဉ်မြေးဆက်​တို့​ကို​လည်း ငါ​ဆုံးမ​မည်​။ သင်​တို့​၏​မျက်နှာ​ကို မစင်​နှင့် ပက်​မည်​။ ယဇ်ပူဇော်ပွဲ​မှ​တိရစ္ဆာန်​တို့​၏​မစင်​နှင့် ပက်​မည်​။ သင်​တို့​သည် ထို​မစင်​နှင့်အတူ လွှင့်ပစ်​ခြင်း​ကို ခံရ​မည်​။ 4ထိုအခါ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ် တည်​စေရန် ဤ​ပညတ်ချက်​တို့​ကို သင်​တို့​အား ငါ​ပေး​ခဲ့​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 5“လေဝိ​အမျိုး​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​သည် အသက်ရှင်​ခြင်း​အကြောင်း​၊ ငြိမ်သက်​ခြင်း​အကြောင်း​ကို ဖြစ်​စေ​၏​။ ငါ့​ကို​ကြောက်ရွံ့ရိုသေ​မည့်​အကြောင်း ထို​ပဋိညာဉ်​ကို သူ့​အား ငါ​ပေး​ခဲ့​၏​။ သူ​သည်​လည်း ငါ့​ကို ကြောက်ရွံ့ရိုသေ​၍ ငါ့​နာမ​ကို ရိုသေခန့်ညား​၏​။ 6သူ့​နှုတ်​၌ မှန်ကန်​သော​သွန်သင်ချက် ရှိ​၏​။ သူ့​နှုတ်ခမ်း​၌ မတရားမှု မ​ရှိ​။ သူ​သည် ငါ​နှင့်အတူ သင့်မြတ်​တည်ကြည်​စွာ သွားလာ​နေထိုင်​ပြီး လူ​အများ​ကို ဒုစရိုက်​လမ်း​မှ ပြန်လှည့်​လာ​စေ​၏​။ 7အကယ်စင်စစ် ယဇ်ပုရောဟိတ်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်း​ထား​ရ​မည်​။ သူ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စေတမန်​ဖြစ်​သောကြောင့် သူ​၏​နှုတ်​မှ သွန်သင်ချက်​ကို လူ​တို့ ရှာဖွေ​ဆည်းပူး​ရ​မည်​။
8သို့သော် သင်​တို့ လမ်း​လွဲ​လေ​ပြီ​။ သင်​တို့​၏​သွန်သင်ချက်​များ​ဖြင့် လူ​အများ​ကို ခလုတ်တိုက်​လဲကျ​စေ​ပြီ​။ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို သင်​တို့ ချိုးဖောက်​လေ​ပြီ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 9“သင်​တို့​သည် ငါ့​တရားလမ်း​ကို​မ​လိုက်​၊ မျက်နှာရ​ဖို့​သာ​သွန်သင်​တတ်​ကြ​သောကြောင့် ငါ​သည် သင်​တို့​ကို လူ​အပေါင်း​တို့​ရှေ့​တွင် မထီမဲ့မြင်ပြုစရာ​၊ ရှုတ်ချစရာ​ဖြစ်စေ​မည်​။”
အိမ်ထောင်ရေးဖောက်ပြန်သောယုဒ
10ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။ 11ယုဒ​အမျိုး​သည် သစ္စာမရှိ​။ အစ္စရေး​ပြည်​တွင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​တွင်​လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​လေ​ပြီ​။ အကယ်စင်စစ် ယုဒ​အမျိုး​သည် တိုင်းတစ်ပါး​ဘုရား​ကို​ကိုးကွယ်​သော​သမီးပျို​တို့​နှင့် စုံဖက်​ခြင်း​ဖြင့် ထာဝရဘုရား​မြတ်နိုး​တော်မူ​သော​သန့်ရှင်းစင်ကြယ်​ခြင်း​ကို ညစ်ညူး​စေ​လေ​ပြီ​။ 12ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။
13သင်​တို့​ပြု​သော​အပြစ်​နောက်တစ်ခု​မှာ ထာဝရဘုရား​သည် သင်​တို့​ပေးလှူ​သော​ပူဇော်သက္ကာ​ကို လက်​မ​ခံ​၊ အရေး​မ​စိုက်​သောကြောင့် သင်​တို့​သည် ငိုကြွေး​မြည်တမ်း​လျက် ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို မျက်ရည်​ဖြင့် လွှမ်းမိုး​စေ​ကြ​၏​။
14သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။ 15သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။ 16“မိမိ​မယား​နှင့်​ကွာရှင်း​သော​သူ​၊ ရက်စက်ကြမ်းကြုတ်မှု​ကို ဝတ်လုံ​နှင့်​ဖုံးကွယ်​သော​သူ​အား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား မုန်း​တော်မူ​၏​။ သို့ဖြစ်၍ ကိုယ့်​စိတ်​ကို ထိန်း​၍ သစ္စာ​မ​ဖောက်​ကြ​နှင့်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
ထာဝရဘုရားကြွလာ၍ တရားစီရင်တော်မူမည်
17သင်​တို့​သည် သင်​တို့​၏​စကား​များ​ဖြင့် ထာဝရဘုရား​ကို ပင်ပန်း​စေ​ကြ​၏​။ သို့သော် သင်​တို့​က “ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ပင်ပန်း​စေ​သနည်း​”​ဟု မေး​တတ်​ကြ​၏​။ “​မကောင်းမှု​ကို​ပြု​သော​သူ​အားလုံး ထာဝရဘုရား​ရှေ့​တော်​၌ လူ​ကောင်း​ဖြစ်​၏​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို နှစ်သက်​တော်မူ​၏​”​ဟု သင်​တို့​ဆို​ရုံ​သာမက “တရားမျှတ​သော​ဘုရားသခင် အဘယ်မှာ​ရှိ​သနည်း”​ဟု သင်​တို့​ဆို​တတ်​ကြ​ပြီ​တကား​။

လက်ရှိရွေးချယ်ထားမှု

မာလခိအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ