YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:24-43

ရှင်မဿဲခရစ်ဝင် 13:24-43 MSBU

ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။ သို့သော် လူ​တို့​အိပ်ပျော်​နေ​ကြ​စဉ် သူ​၏​ရန်သူ​သည်​လာ​၍ ဂျုံ​မျိုးစေ့​ကြား​တွင် မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​ပြီး ထွက်သွား​လေ​၏။ အပင်​ပေါက်​၍ အနှံ​ထွက်လာ​သောအခါ မြက်သီး​ပင်​များ​လည်း ထင်ရှား​လာ​ကြ​၏။ ထိုအခါ စိုက်ခင်း​ပိုင်ရှင်​၏​အစေအပါး​တို့​သည်​လာ​၍ ‘သခင်၊ သခင်​၏​စိုက်ခင်း​၌ ကောင်း​သော​မျိုးစေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် မြက်သီး​ပင်​များ​သည် အဘယ်က​ပေါက်လာ​သနည်း’​ဟု မေးမြန်း​ကြ​၏။ စိုက်ခင်း​ပိုင်ရှင်​က​လည်း ‘ဤသည်ကား ရန်သူ​၏​လုပ်ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထိုအခါ အစေအပါး​တို့​က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်​တို့​သွား​၍ မြက်သီး​ပင်​တို့​ကို နုတ်ယူ​ရ​မည်လော’​ဟု မေးလျှောက်​ကြ​၏။ သို့သော် စိုက်ခင်း​ပိုင်ရှင်​က ‘ထိုသို့​မ​ပြု​နှင့်။ မြက်သီး​ပင်​များ​ကို​နုတ်ယူ​စဉ် ဂျုံ​ပင်​ကို​ရောနှော​၍ အမြစ်​ပါ​မကျန်​ဆွဲနုတ်​မိ​မည်​ကို စိုးရိမ်​ရ​၏။ ရိတ်သိမ်း​ချိန်​တိုင်အောင် နှစ်မျိုးစလုံး​အတူ ကြီးထွား​ကြ​ပါစေ။ ရိတ်သိမ်း​ချိန်​၌ ရိတ်သိမ်း​သော​သူ​တို့​အား “မြက်သီး​ပင်​များ​ကို ဦးစွာ​နုတ်ယူ​၍ ၎င်း​တို့​ကို​မီးရှို့​ရန် အစည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူကား ငါ​၏​ကျီ​ထဲ၌ စုသိမ်း​ထား​ကြ​လော့”​ဟု ငါ​ပြော​မည်’ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​၏​စိုက်ခင်း​၌ ကြဲ​သောအခါ ၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏”​ဟု မိန့်​တော်မူ​၏။ အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။ ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ကောင်း​သော​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် လူ့သား​ဖြစ်​ပြီး စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။ သို့ဖြစ်၍ မြက်သီး​ပင်​များ​ကို​နုတ်ယူ​၍ မီး​ရှို့​သကဲ့သို့ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင် မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။