ရှင်မဿဲခရစ်ဝင် 18
18
မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်း
1ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း”ဟု မေးလျှောက်ကြ၏။
2ထိုအခါ ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ ရပ်စေပြီးလျှင် 3“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ပြောင်းလဲ၍ ကလေးသူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။ 4ထို့ကြောင့် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးဖြစ်၏။
5 ဤသို့သောသူငယ်တစ်ယောက်ကို ငါ၏နာမ၌ လက်ခံသောသူသည်လည်း ငါ့ကိုလက်ခံ၏။ 6သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်၏ရေနက်ရာတွင် နှစ်မြှုပ်ခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
7 ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ 8သင်၏လက်၊ သို့မဟုတ် သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ လက်နှစ်ဖက်၊ သို့မဟုတ် ခြေနှစ်ဖက်ပါလျက် ထာဝရမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။ 9ထို့ပြင် သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍ လွှင့်ပစ်လော့။ မျက်စိနှစ်လုံးပါလျက် ငရဲမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် မျက်စိတစ်လုံးနှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
ပျောက်သောသိုးပုံဥပမာ
10 ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။ 11[အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကို ကယ်တင်ရန် ကြွလာ၏။]
12 သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။ 13သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုသိုးကိုတွေ့လျှင် လမ်းလွဲပျောက်ဆုံးခြင်းမရှိသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်လိမ့်မည်။ 14ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည် ဤငယ်သောသူများထဲမှ တစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ညီအစ်ကိုကို ပဲ့ပြင်တည့်မတ်ပေးခြင်း
15 သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။ 16နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန်#တရား 19:15။အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။ 17သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
18 သင်တို့အား ငါအမှန်ဆိုမည်။ မြေကြီးပေါ်၌ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်။
19 တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။ 20အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
ခွင့်မလွှတ်သည့်မင်းအစေအပါးပုံဥပမာ
21ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။ 22ယေရှုကလည်း“ခုနစ်ကြိမ်တိုင်အောင်ဟု ငါမဆိုဘဲ ခုနစ်ကြိမ်ကို ခုနစ်ဆယ်လီတိုင်အောင်ဟု ငါဆို၏။
23 ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။ 24သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။ 25သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
26 ထိုအခါ ထိုအစေအပါးသည် ပျပ်ဝပ်လျက် သခင်ကိုရှိခိုးကာ ‘အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေးရှိသမျှကို ပြန်ဆပ်ပါမည်’ဟု တောင်းလျှောက်လေ၏။ 27ထိုအစေအပါး၏သခင်သည် ကြင်နာစိတ်ရှိ၍ သူ့ကိုလွှတ်ပေးကာ သူ၏အကြွေးကို လျှော်ပစ်လေ၏။
28 သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
29 ထိုအခါ ထိုအစေအပါးချင်းသည် ပျပ်ဝပ်လျက် ‘အကျွန်ုပ်ကိုသည်းခံပါ။ သင့်အား အကြွေးပြန်ဆပ်ပါမည်’ဟု တောင်းပန်လေ၏။ 30သို့သော် သူသည် လက်မခံဘဲ သွား၍ ထိုအစေအပါးချင်းအား သူယူထားသောအကြွေးကို ပြန်ဆပ်သည့်တိုင်အောင် ထောင်ထဲ၌ ထည့်ထားလေ၏။ 31အခြားသောအစေအပါးချင်းများသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ သူတို့၏သခင်ထံသို့သွား၍ ဖြစ်လေသမျှတို့ကို လျှောက်ထားကြ၏။
32 ထိုအခါ သခင်သည် ထိုအစေအပါးကိုခေါ်၍ ‘ဆိုးညစ်သောအစေအပါး၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါလျှော်ပစ်ခဲ့၏။ 33ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း အစေအပါးချင်းကို သနားသင့်သည်မဟုတ်လော’ဟု ဆို၏။ 34ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။
35 သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲခရစ်ဝင် 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative