YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 2

2
နက္ခတ်ပညာရှင်များရောက်လာခြင်း
1ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍ 2“ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။
3ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။ 4ထိုအခါ မင်းကြီး​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​ကျမ်းပြု​ဆရာ​အပေါင်း​တို့​ကို​စုဝေး​စေ​၍ ခရစ်တော်​သည် မည်သည့်​အရပ်​၌​ဖွားမြင်​မည်​ကို သူ​တို့​အား မေးမြန်း​လေ​၏။ 5သူ​တို့​က​လည်း “ယုဒ​ပြည်၊ ဗက်လင်​မြို့​၌​ဖြစ်​ပါ​သည်။ အဘယ်ကြောင့်​ဆိုသော် 6‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’#မိ 5:2။​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။
7ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​ကို တိတ်တဆိတ်​ခေါ်​၍ ကြယ်​ပေါ်ထွန်း​သည့်​အချိန်​ကာလ​ကို သူ​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ပြီးမှ 8“သွား​၍ သူငယ်​တော်​ကို သေချာ​စွာ​ရှာဖွေ​စုံစမ်း​ကြ​လော့။ သင်​တို့​တွေ့​သောအခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိခိုး​နိုင်​ရန် ငါ့​ကို​အကြောင်းကြား​ကြ​လော့”​ဟု မိန့်မှာ​လျက် သူ​တို့​ကို ဗက်လင်​မြို့​သို့ စေလွှတ်​လေ​၏။
9သူ​တို့​သည် မင်းကြီး​၏​မိန့်မှာ​ချက်​ကို​နားထောင်​ပြီးမှ ထွက်သွား​ကြ​ရာ အရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူငယ်​တော်​ရှိ​သည့်​နေရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်အောင် သူ​တို့​ရှေ့မှ​သွား​လေ​၏။ 10သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သောအခါ အလွန်​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြ​ပြီး 11အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။ 12ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။
အီဂျစ်ပြည်သို့ထွက်ပြေးခြင်း
13ထို​သူ​တို့​ထွက်သွား​ကြ​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​လျက် အီဂျစ်​ပြည်​သို့​ထွက်ပြေး​၍ နောက်တစ်ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လော့။ အကြောင်းမူကား ဟေရုဒ်​မင်းကြီး​သည် သူငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံရွယ်​နေ​၏”​ဟု မြွက်ဆို​လေ​၏။
14ထိုအခါ ယောသပ်​သည်​ထ​၍ ည​အချိန်​၌​ပင် သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို ခေါ်ဆောင်​ကာ အီဂျစ်​ပြည်​သို့ ထွက်ခွာ​သွား​ပြီးလျှင် 15ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤသည်ကား “ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်ထုတ်​ခဲ့​၏”#ဟော 11:1။​ဟု ပရောဖက်​အားဖြင့် ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။
ကလေးသူငယ်များကိုသတ်ဖြတ်ခြင်း
16-17ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။ 18ထိုအခါ “ရာမ​မြို့​၌ သည်းထန်​သော​ငိုကြွေး​ခြင်း​နှင့်​မြည်တမ်း​ခြင်း​အသံ​ကို ကြား​ရ​၏။ ရာခေလ​သည် သူ​၏​ကလေး​များ​အတွက်​ငိုကြွေး​ကာ ကလေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်၍ နှစ်သိမ့်​ပေး​ခြင်း​ကို​အလို​မ​ရှိ”#ယေ 31:15။​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။
နာဇရက်မြို့၌နေထိုင်ကြခြင်း
19ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် အီဂျစ်​ပြည်​၌​ရှိ​သော​ယောသပ်​အား အိပ်မက်​တွင်​ထင်ရှား​ကာ 20“ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​၍ အစ္စရေး​ပြည်​သို့​ပြန်​သွား​လော့။ အကြောင်းမူကား သူငယ်​တော်​၏​အသက်​ကို ရန်ရှာ​ခဲ့​သော​သူ​တို့​သည် သေဆုံး​ကြ​လေ​ပြီ”​ဟု မြွက်ဆို​၏။
21ထိုအခါ ယောသပ်​သည်​ထ​၍ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်ဆောင်​ကာ အစ္စရေး​ပြည်​သို့ ပြန်လာ​လေ​၏။ 22သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍ 23နာဇရက်​ဟု​ခေါ်​သော​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏။ ဤသည်ကား “ကိုယ်တော်​သည် နာဇရက်​မြို့သား​ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​လိမ့်မည်”​ဟူ၍ ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ